ကြို့ပင်ကောက် နိုဝင်ဘာ ၂၇
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက်ပိုင်းက အခြေခံ ပညာ ကျောင်းသား ကျောင်းသူများအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လက်ကမ်းစာစောင်တွင် ၂၀၂၁ ခုနှစ်၊ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည် ချက်များ၊ အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများအား တွေ့ဆုံပြောကြားသည့်အမှာစကားမှ ကောက်နှုတ်ချက်၊ အေးအတူပူအမျှ၊ ရန်ကုန်ယူနီဗာစတီ အက်ဥပဒေကို သပိတ်မှောက်ရန် သစ္စာဆိုအဓိဌာန်ပြုကြသော ကျောင်းသားကြီး(၁၁)ဦး၊ အမျိုးသား ရေးစိတ်ဓာတ်၊ အမျိုးသားအောင်ပွဲနေ့၊ အမျိုးသားပညာရေး စသည့်အကြောင်းအရာများနှင့် ရေနံသာမောင် ကျော်ညွန့် ရေးသားသည့် ဘုန်းရှင်မြန်မာ တို့မြန်မာ စသောကဗျာများဖြင့် ဝေဝေ ဆာဆာ ဖော်ပြထားကြောင်း သိရှိရသည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှထုတ်ဝေသည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင် (၂၅၅) စောင်ကို ကြို့ပင်ကောက်မြို့နယ် အတွင်းရှိ ကျောင်းသားကျောင်းသူများ မြို့မဈေးအတွင်းမှ ဈေးရောင်းချနေသော ဈေးသည်များ ဒေသခံပြည်သူများထံ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)