ဆင်ပေါင်ဝဲမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အကြို စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

ဆင်ပေါင်ဝဲ   နိုဝင်ဘာ      ၂၇

နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အကြို စာအုပ်၊စာစောင်ပြပွဲနှင့် နံရံကပ်စာစောင် ပြပွဲအခမ်းအနားကို မကွေးတိုင်းဒေသကြီး သရက်ခရိုင် ဆင်ပေါင်ဝဲမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် ၉ နာရီခွဲက ကျင်းပခဲ့ပြီး သတင်းစကား လက်ကမ်းစာစောင်များကိုလည်း အခမဲ့ ဖြန့်ဝေပေးခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာန ဆင်ပေါင်ဝဲမြို့နယ်ရုံးမှ ဦးစီးအရာရှိ (တာဝန်ပေး) ဦးနိုင်လင်းက (၁၀၁)နှစ်မြောက် အမျိုး သားအောင်ပွဲနေ့အခမ်းအနား ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ပြသထားသော အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်တွင် ၂၀၂၁ ခုနှစ်(၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ ဦးတည်ချက်များ၊ ကျွန်ပညာရေးစနစ်အား စတင်သပိတ်မှောက်ရန် မျိုးချစ်ကျောင်းသားများ၏ ဓာတ်ပုံများ၊ ကဗျာ များ၊ပန်းချီ၊ကာတွန်း၊ဆောင်းပါးများနှင့် သုတ၊ ရသစာအုပ်များ နံရံကပ်စာစောင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦး၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့များနှင့် ပြည်သူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ (အကြို)စာအုပ်၊ စာစောင်ပြပွဲနှင့် နံရံကပ်စာစောင် ပြပွဲကို နိုဝင်ဘာ (၂၈)ရက်နေ့အထိ ပြသသွားမည် ဖြစ်ကြောင်းသိရသည်။

ချိုချိုဝင်း(ပြန်/ဆက်)