အင်းတော် နိုဝင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ အောက်ဆီဂျင် စက်ရုံဖွင့်ပွဲအခမ်းအနားကို ၂၀၂၁ ခုနှစ် ယနေ့ နံနက် ၈ နာရီ အချိန်က အဆိုပါစက်ရုံရှေ့ အောက်ဆီဂျင် ဖြန့်ဝေရေးဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကြောင့် အင်းတော်မြို့နယ်အတွင်း အောက်ဆီဂျင် လိုအပ်မှုများ ရှိခဲ့သဖြင့် အောက်ဆီဂျင် လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးအတွက် ထီးချိုင့်မြို့နယ် မောင်းကုန်းဒေသ နီကယ်စက်ရုံတွင် အောက်ဆီဂျင်အိုးများကို သွားရောက်သယ်ဆောင်ခဲ့ရပါကြောင်း၊ နီကယ်စက်ရုံမှ ဖြန့်ဝေလှူဒါန်းပေးသော အောက်ဆီဂျင်ခွဲတမ်းမှာလည်း မိမိတို့ အင်းတော်မြို့နယ်အတွက် လုံလောက်မှု မရှိခဲ့ပါကြောင်း သို့ဖြစ်ပါ၍ အင်းတော်မြို့ပေါ်ရှိ ဆရာတော်ကြီးများ၊ မြို့မိ မြို့ဖများ ဦးဆောင်၍ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီး အလှူငွေများလက်ခံခြင်း၊ အောက်ဆီဂျင်စက် ဝယ်ယူခြင်း၊ စက်ရုံတည်ဆောက်ခြင်း၊ ထရန်စဖော်မာ တည်ဆောက်ခြင်း များကို ဝိုင်းဝန်းဆောင်ရွက်ခဲ့ကြသည့်အတွက် ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်တွင် တည်ဆောက် ပြီးစီးခဲ့ပါကြောင်း၊ တည်ဆောက်ပြီးစီး ပြီးသည့်နောက် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့မှ စတင်၍ ( ၉၅ ရာခိုင်နှုန်း )သန့်စင်သော အောက်ဆီဂျင်များကို အခမဲ့ ဖြန့်ဖြူး ပေးခဲ့ပါကြောင်း၊ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်အောင်မြင်ခဲ့ပြီးနောက် စက်ရုံရေရှည်တည်တံ့ ခိုင်မြဲရေး အောက်ဆီဂျင်များ ပုံမှန်ထုတ်လုပ်ဖြန့်ဖြူးနိုင်ရေးတို့ကို ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ပါ ကြောင်း အင်းတော်မြို့ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ ဝိုင်းဝန်းပံ့ပိုး ဆောင်ရွက်ပေးခဲ့ကြသော တာဝန်ရှိသူများ၊ အလှူရှင်များ အားလုံးကို အထူးကျေးဇူးတင်ရှိပါ ကြောင်း အင်းတော်မြို့နယ် အောက်ဆီဂျင် စက်ရုံ ဖြစ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်က ပြောပြခဲ့သည်။
အဆိုပါ အောက်ဆီဂျင် စက်ရုံအား အင်းတော်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းနိုင် အောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များဖြစ်သည့် ဗိုလ်မှူးအောင်နိုင်ဦးနှင့် ဦးအောင်မြင့်နိုင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကျော်ကျော်ဇင်၊ အလှူရှင်များဖြစ်သည့် ဦးကျော်ဦး၊ ဒေါ်ဆယ်၊ အောက်ဆီဂျင် စက်ရုံ ဖြစ်မြောက်ရေးဥက္ကဋ္ဌ ဦးမောင်မောင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများက အောက်ဆီဂျင်စက်ရုံအတွင်း အောက်ဆီဂျင် ထုတ်လုပ်မှု အခြေအနေများအား လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။ အင်းတော်မြို့နယ် အနေဖြင့် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရာတွင် အလှူရှင်များ၏ စုစုပေါင်း လှူဒါန်းငွေကျပ် သိန်း နှစ်ထောင်ကျော် ရရှိခဲ့ပြီး စက်ရုံတည်ဆောက်မှုနှင့် အခြားအသုံးစရိတ်အဖြစ် ငွေကျပ်သိန်း တစ်ထောင့်နှစ်ရာကျော် သုံးစွဲခဲ့ကာ ရေရှည် အသုံးပြုနိုင်ရန် ရန်ပုံငွေကျပ်သိန်း ခုနှစ်ရာကျော် စုဆောင်းထားရှိပြီး ဖြစ်ကြောင်း သိရသည်။
ကျော်သီဟ