ဘားအံ နိုဝင်ဘာ ၂၆
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ အားပေးကူညီမှု ဒေသခံပြည်သူများ၏ ထည့်ဝင်လှူဒါန်းငွေများဖြင့် တည်ဆောက်ပြီးစီးခဲ့သော အောက်ဆီဂျင်စက်ရုံဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၂၅ ရက်နေ့ နံနက်ပိုင်းက အာရှလမ်းမကြီးဘေး အဆိုပါစက်ရုံတည်နေရာ၌ ကျင်းပသည်။
ရှေးဦးစွာ အောက်ဆီဂျင်စက်ရုံ အဝင်လမ်း ဖွင့်ပွဲကို ကျင်းပရာ ကရင်ပြည်နယ်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့ တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူးဗိုလ်မှူးချုပ်ဇော်မင်းအောင်၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး မျိုးမင်းနောင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီးခင်ဇော်၊ စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လူမှုရေးရာဝန်ကြီး ဦးစိုးလွင်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး အောက်ဆီဂျင်စက်ရုံအဝင်လမ်းအား ကြည့်ရှု စစ်ဆေးခဲ့ကြကာ အဆိုပါလမ်းသည် အရှည် ၄၅၀ ပေ၊ အကျယ် ၁၄ ပေရှိ တာဘောင်ဖို့မြေသာလမ်း အဖြစ် ဖွင့်လှစ်ခဲ့ပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့မှ လာမည့်ဘတ်ဂျက်နှစ်တွင် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြင့်တင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ကော့ကရိတ်မြို့အောက်ဆီဂျင်စက်ရုံဖွင့်ပွဲကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက စက်ရုံဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများနှင့်အတူ ဆိုင်းဘုတ်အား အနံ့သာမွှေးရည်များ ပက်ဖျန်းပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါကုသရေးလုပ်ငန်းတွင် အရေးကြီး လိုအပ်သော အောက်ဆီဂျင်လုံလောက်စွာ ရရှိနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားရာ ပြည်နယ်အတွင်း အစိုးရစက်ရုံနှင့်ပုဂ္ဂလိကစက်ရုံ စုစုပေါင်း အောက်ဆီဂျင်စက်ရုံ ၁၃ ရုံကို တည်ဆောက်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး တစ်ရက်လျှင် အောက်ဆီဂျင် လီတာလေးသောင်းခန့် ထုတ်လုပ်နိုင်ပြီး လိုအပ်သည့်နေရာသို့ အခက်အခဲမရှိ ဖြန့်ဖြူး ပေးနိုင်ပြီဖြစ်ကြောင်း ပြောကြားခဲ့ပြီး အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေး ကော်မတီနာယက ဦးစန်းမြင့်က စက်ရုံဆက်လက်၍ ကော့ကရိတ်မြို့ မိုးလုံလေလုံအားကစားခန်းမဖွင့်ပွဲကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာ ဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးနှင့် လူမှုရေးရာ ဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး အားကစားခန်းမအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ Physical Fitness Dance ဖြင့် သရုပ်ပြတင်ဆက်ခဲ့ကြသည့် အားကစားသမားများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် ကော့ကရိတ်မြို့ ဒေါနခန်းမဖွင့်ပွဲကို အဆိုပါခန်းမရှေ့၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန် ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေါနခန်းမဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ တက်ရောက်လာသူများနှင့်အတူ ကဗ္ဗည်း ကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တက်ရောက်လာသူများသည် ဒေါနခန်းမအား လှည့်လည် ကြည့်ရှုခဲ့ကြပြီး အဆိုပါခန်းမကို ကော့ကရိတ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၂၂၆ ဒသမ ၇၀) ကျပ်သန်းဖြင့် ကောင်းမြတ်အောင်ကျော် ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံဒိုး-ကော့ကရိတ်လမ်းပေါ်ရှိ ယာဉ်စစ်ဆေးရေး ဂိတ် တည်ဆောက်ပြီးစီးမှု၊ ဝန်ထမ်းအိပ်ဆောင်တည်ဆောက်ပြီးစီးမှုနှင့်စက်ရေတွင်းတူးဖော်ဆောင် ရွက်ပြီးစီးမှုတို့ကို သွားရောက်ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)