ဝက်လက် နိုဝင်ဘာ ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ဝက်လက်မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ မြန်ဆန်စွာပြုလုပ်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးဉာဏ်လှိုင်က ဝက်လက်မြို့နယ်အတွင်းရှိ ပြည်သူများကို ပန်းခင်းစီမံချက်နှင့်ပတ်သတ်ပြီး သိရှိဆောင်ရွက်နိုင်ရန် အသိပညာပေး လက်ကမ်း စာစောင်များကို လူစည်ကားသောနေရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စုများ၊ အခြေခံပညာ ကျောင်းများသို့ အမြန်ဆုံးဖြန့်ဝေသွားနိုင်ရေး ဆောင်ရွက်သွားကြရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်ပြီး မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ ဦးစီးအရာရှိ ဦးကျော်ခင်ထွန်းက ဝက်လက်မြို့နယ်အနေဖြင့် ပန်းခင်းစီမံချက်အရ လူဦးရေ ၅၅၇၆ဦး လျာထားပြီး ယနေ့ထိဆောင်ရွက်ပြီးစီးမှု လူဦးရေ ၇၀၂ဦး၊ ဆောင်ရွက်ပေးရန်ကျန်ရှိလူဦးရေ ၄၈၇၄ ဦးဖြစ်ပါကြောင်း၊ စီမံချက်လျာထားစာရင်းအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လုံခြုံရေး ကောင်းမွန်တဲ့ ကျေးရွာများကို ဝန်ထမ်းအင်အားပြည့်ဖြင့် ကွင်းဆင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ ပန်းခင်းစီမံချက် အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် တက်ရောက်လာကြသော မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများက သိရှိလိုသည်များကိုမေးမြန်းဆွေးနွေးချက်အပေါ် သက်ဆိုင်ရာဌာနမှ ပြန်လည်ရှင်းလင်းဆွေးနွေး ခဲ့ကြသည်။
ဥမ္မာဝင်း(ဝက်လက်)