လှိုင်းဘွဲမြို့နယ် စစ်ဗျူဟာအဖွဲ့ (အခြေချ) လှိုင်းဘွဲနှင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ တပ်နယ်မှူးဒိုင်း ဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

လှိုင်းဘွဲ      နိုဝင်ဘာ    ၂၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ စစ်ဗျူဟာအဖွဲ့ (အခြေချ) လှိုင်းဘွဲနှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများမှ ဘောလုံးအသင် းဖွဲ့စည်း၍ တပ်နယ်မှူးဒိုင်း ဘောလုံးအားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၃) နာရီခွဲ အချိန်က အမှတ် (၃၃၉) ခြေမြန်တပ်ရင်းရှိ တပ်ရင်းဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် စစ်ဗျူဟာအဖွဲ့(အခြေချ)လှိုင်းဘွဲ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စံထူကျော်က မြို့နယ်အတွင်းရှိ တပ်ရင်း/တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများ အနေဖြင့် ပိုမိုရင်းနှီးမှု ရှိလာစေရန်၊ တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှု ရှိလာပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းပါဝင်ကူညီတတ်စေရန်၊ ဘောလုံးအားကစားကို ကစားခြင်းအားဖြင့် ကျန်းမာသန်စွမ်းမှုနှင့် ကျန်းမာရေး ကောင်းမွန်လာစေရန် အဖွင့်အမှာ စကားပြောကြားပြီး မြို့နယ်အား/ကာမှူး ဒေါ်မိနန္ဒာမွန်က ဘောလုံး၊ ခြင်းလုံးနှင့် အားကစားပစ္စည်းများ ‌ထောက်ပံ့ပေးအပ်ခဲ့ရာ တပ်နယ် အရာရှိ တစ်ဦးမှ လက်ခံရယူခဲ့သည်။ ထို့နောက် ဘောလုံးအားကစားများမှ အားကစား အဓိဋ္ဌာန် (၄) ချက် ရွတ်ဆိုပြီး စစ်ဗျူဟာအဖွဲ့ (အခြေချ) လှိုင်းဘွဲနှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များ၊ နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးများနှင့် မြို့မိမြို့ဖများက ပူးပေါင်း၍ တပ်နယ်မှူးဒိုင်း ဖွင့်ပွဲအထိမ်းအမှတ်အဖြစ် ချစ်ကြည်ရေး ခြေစမ်းပွဲကို ကစားခဲ့ကြသည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနားသို့ စစ်ဗျူဟာအဖွဲ့ (အခြေချ) လှိုင်းဘွဲ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး စံထူကျော်နှင့် တပ်ရင်းတပ်ဖွဲ့ဝင်များ၊ နယ်ခြားစောင့်တပ်များ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်သန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ တာဝန်ရှိသူများက တက်ရောက်ခဲ့ပြီး ဘောလုံးပြိုင်ပွဲကို အသင်း (၆) သင်းဖြင့် နိုဝင်ဘာလ(၂၇)ရက်နေ့မှ ဒီဇင်ဘာလ (၄)ရက်နေ့အထိ (၈)ရက်ကြာ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရှိရသည်။

လင်းသန့် (ပြန်/ဆက်)