ဂန့်ဂေါမြို့ စည်ပင်သာယာမြို့မဈေးကြီးတွင် မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး

ဂန့်ဂေါ နိုဝင်ဘာ ၂၇

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ မြို့မဈေးတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းအား ယမန်နေ့နံနက်ပိုင်းအချိန်က ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်လွင်ဦးနှင့် တာဝန်ရှိသူများအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးကြည့်ရှုရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်လျှပ်စစ်၊ ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနနှင့် ဈေးအကျိုးတော်ဆောင်များ လိုက်ပါ၍ ဂန့်ဂေါမြို့မ ဈေးအတွင်း/အပြင်ရှိ လုံခြုံရေးမီးတပ်ဆင်ဆောင်ရွက်ထားရှိမှု၊ ဈေး အတွင်း မီးသတ်ရေကန်များ၊ အမြင့်တင်ရေစင်များ ရေအပြည့်ဖြည့်ထားမှုအခြေအနေ၊ မီးသတ် ရေငုတ်တိုင်များတွင် အပေါ့စား မီးသတ်စက်များနှင့် ပိုက်များထားရှိမှုအခြေအနေ၊ ဈေးလုံခြုံရေး လျှပ်စစ်မီးလိုင်းများ ကောင်းမွန်မှုရှိစေရေး မြို့နယ်လျှပ်စစ်နှင့်လိုက်လံကြည့်ရှုစစ်ဆေးကာ မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အရေးပေါ်မီးငြိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဗူးများ စီးစဉ်ဆောင်ရွက်ထားရှိရန် ဆွေးနွေး မှာကြားသည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအဖွဲ့က စည်ပင်သာယာမြို့မ ဈေးအတွင်း မီးသတ်ကားများ လွယ်ကူစွာ ဝင်/ထွက်သွားလာနိုင်ရေးလမ်းကြောင်းများ ရှင်းလင်းထား ရှိမှု၊ လျှပ်စစ်မီးလိုင်းများ သွယ်တန်းထားရှိမှုနှင့် မီးဘေးလုံခြုံရေးအတွက် စနစ် တကျဆောင်ရွက် ထားရန်မှာကြားခဲ့ပြီး အခက်အခဲများအားမေးမြန်းကာ လိုအပ်သည်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်စည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထင်အောင်နိုင်(ဂန့်ဂေါ)