မင်းဘူး နိုဝင်ဘာ ၂၇
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ ညနေ ၃ နာရီ အချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မင်းဘူး(စကု)မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးတင်မြင့်က Phase-4 ပထမအကြိမ် ထိုးနှံခြင်းအား မင်းဘူးမြို့ရှိ မင်းပူးဦးဩဘာသခန်းမနှင့် စကုမြို့ ကန်ဦးသဘာဝ တရားရိပ်သာတို့တွင် ထိုးနှံပေးထားသည့်အပြင် နိုဝင်ဘာ ၂၇ ရက်နေ့မှစ၍ မုန်တောင်၊ ရွာသာယာ၊ ကျောက်စံ၊ ကြီးကန်ကျေးရွာတို့တွင် ဆေးထိုးစုရပ် ၆ နေရာခွဲ၍ ထိုးနှံပေးသွားမှာ ဖြစ်ရာ နယ်မြေအေးချမ်းရေးနှင့် လုံးခြုံရေးကို ထည့်သွင်းပြောကြားခဲ့သည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော ကိုဗစ်ကော်မတီဝင်များမှ မိမိတို့၏ လုပ်ငန်းတာဝန် များ၊ ဌာနအလိုက် လုပ်ငန်းဆောင်ရွက်ချက်များနှင့် Phase-4 ပထမအကြိမ် ထိုးနှံရာတွင် ကြိုတင် ပြင်ဆင် ထားရမည့် အခြေအနေများကိုတင်ပြရာ မြို့နယ်ကိုဗစ်ကော်မတီဥက္ကဋ္ဌက အနေဖြင့် ရပ်ကျေး ဥက္ကဋ္ဌများနှင့် ကောမတီအဖွဲ့ဝင်များ ပူးပေါင်း၍ Phase-4 ပထမအကြိမ် ထိုးနှံရေး၊ ပထမအကြိမ် ထိုးပြီးသူများ အနေဖြင့် ဒုတိယအကြိမ် မပျက်မကွက် လာရောက်ထိုးနှံရေးတို့ကို တိုက်တွန်းနှိုးဆော်လိုကြောင်း၊ နောက်ရက်များ တွင်လည်း ခံကုန်း၊ ကြီးပင်ကန်၊ လေးပင်၊ ဥယျာဉ်၊ ရွှေချောင်း၊ ဖြူကုန်း၊ အိုင်းမ ကျေးရွာများသို့ ကွင်းဆင်း ၍ ထိုးနှံပေးသွားမှာဖြစ်ကြောင်းတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
ဇေယျာထက် (မင်းဘူး)