မကွေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲသို့ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန် တက်ရောက်

မကွေး           နိုဝင်ဘာ        ၂၇

ပြည်သူများအနေဖြင့် မိသားစုဝင်ငွေတိုးပွားလာစေရန်နှင့် တစ်နိုင်တစ်ပိုင်လုပ်ငန်းရှင်များ ပေါ်ပေါက်လာစေရန်ရည်ရွယ်၍ ဒေသထွက်သီးနှံများဖြစ်သည့် ဆန်၊ ပဲ၊ ပြောင်း၊ ဂျုံတို့ကို အသုံးပြု ကာ တန်ဖိုးမြှင့်စားသောက်ကုန်များထုတ်လုပ်တတ်စေရန် မကွေးတိုင်းဒေသကြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်ခဲ့သော တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာ သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက်(၁၁)နာရီအချိန်က တိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးဦးအောင်ချိန် တက်ရောက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ သင်တန်းဆင်းပွဲ အခမ်းအနားတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ စီးပွားရေးရာ ဝန်ကြီး၊ ဦးအောင်ချိန်က အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းသား/သူများ အနေဖြင့် သင်တန်းနည်းပြဆရာ/ဆရာမများ ပို့ချ သင်ကြားပေးခဲ့သော စားသောက်ကုန် ထုတ်လုပ်နည်း များအား အသုံးပြု၍ မိမိတို့မိသားစု ဝင်ငွေတိုးပွားရေးတွင်သာမကဘဲ  တစ်နိုင်တစ်ပိုင် တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်လာသည်အထိ ကြိုးစားဆောင်ရွက်စေလိုကြောင်း၊ တိုင်းဒေသကြီးအစိုးရအနေဖြင့်လည်း အသေးစားစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားပေးဆောင်ရွက်လျက်ရှိကြောင်း၊ မိမိတို့ ထုတ်လုပ်သော စားသောက်ကုန်များအား စားသုံးသူများ ဘေးဥပါဒ်အန္တရာယ် ကင်းရှင်းရေးအတွက်လည်း အလေးအနက်ထား ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် စားသုံးသူများအကြိုက် စားသောက်ကုန်များ တီထွင်ဖန်တီးနိုင်သည်အထိ ကြိုးစား ဆောင်ရွက်စေလိုကြောင်း ပြောကြားသည်။ 

ဆက်လက်၍ မကွေးတိုင်းဒေသကြီး၊ အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ တိုင်းဒေသကြီး ဦးစီမှူး၊ ဒုတိယညွှန်ကြားရေးမှူး ဦးဝင်းဗိုလ်မှ သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပြီးနောက် သင်တန်းသား/သူများအား တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာ သင်တန်းမှ ထုတ်လုပ်ခဲ့သော သင်တန်းထွက်ကုန် ကုန်ချောပစ္စည်းများအား ပေးအပ်ခဲ့ ကြောင်းသိရသည်။

ထို့နောက် သင်တန်သား/သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီးမှ သင်တန်းဆင်းလက်မှတ်များအား ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် သင်တန်းသား/သူများကိုယ်စား သင်တန်းသူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ၂၂.၁၁.၂၀၂၁ ရက်နေ့မှ ၂၆.၁၁.၂၀၂၁ ရက်နေ့ထိ (၅) ရက်အခမဲ့ ဖွင့်လှစ် ခြင်းဖြစ်ပြီး သင်တန်းသား/သူ (၂၀)ဦးခန့်အား ဂျုံဖြင့်ပြုလုပ်သော ကိတ်အမျိုးမျိုး၊ ကွတ်ကီး အမျိုးမျိုး၊ မြေပဲယိုထုတ်လုပ်ခြင်း၊ နှမ်းယိုထုတ်လုပ်ခြင်း၊ မြေပဲဆားလှော်ထုတ်လုပ်ခြင်း၊ နံကထိုင် ပြုလုပ်ခြင်း၊ ချောကလက်နံကထိုင်ပြုလုပ်ခြင်း၊ ခါဂျာပြုလုပ်ခြင်း၊ စာကလေးခွေပြုလုပ်ခြင်းစသည့် တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်နည်းများအား သင်ကြားပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကိုစည်သူ(မကွေး)