ပွင့်ဖြူ နိုဝင်ဘာ ၂၆
ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေးကြီးအား မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးဘေးလုံခြုံရေးအတွက် ယနေ့မွန်းလွဲ ၁ နာရီခွဲက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် တာဝန်ရှိသူများအဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက မြို့နယ်စည်ပင် သာယာရေးအဖွဲ့ ၊ မြို့နယ်လျှပ်စစ် ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ဈေးအကျိုးတော်ဆောင်အဖွဲ့ဝင်များ လိုက်ပါ၍ ပွင့်ဖြူမြို့မစည်ပင်သာယာဈေးအတွင်း ၊ အပြင်ရှိ လုံခြုံရေးမီးတပ်ဆင် ဆောင်ရွက်ထားရှိမှုနှင့် ဈေးဆိုင်ခန်းများအလိုက် လျှပ်စစ်မီးရယူ သုံးစွဲနေမှုအား မီးဘေးလုံခြုံစိတ်ချရမှု ရှိ/မရှိ ၊ မီးဘေး လုံခြုံရေးအတွက် ကြိုတင်ကာကွယ်ရေးပစ္စည်းများ စနစ်တကျ ဆောင်ရွက်ထားမှု ရှိ/မရှိနှင့် အရေးပေါ်ရေရယူ သုံးစွဲနိုင်ရန် အဆင်ပြေမှု ရှိ/မရှိ တို့ကို လိုက်လံကြည့်ရှုစစ်ဆေးကာ ဈေးရောင်းသူများအား လျှပ်စစ်မီးသုံးစွဲရာတွင် မီးဘေးအန္တရာယ် ကင်းဝေးစေရေး စနစ်တကျ သုံးစွဲကြရန်နှင့် မီးဘေးအန္တရာယ်ကြုံတွေ့လာပါက အရေးပေါ် မီးငြှိမ်းသတ်နိုင်ရေးအတွက် မီးသတ်ဆေးဗူးများ စီစဉ်ဆောင်ရွက်ထားရှိရန် ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအဖွဲ့က မြို့မစည်ပင်သာယာဈေးအတွင်း လျှပ်စစ်မီးသွယ်တန်းထားရှိသော ဓာတ်အားလိုင်းကြိုးများ ကြံ့ခိုင်ကောင်းမွန်ရေးနှင့် မီးဘေးလုံခြုံရေးအတွက် စနစ်တကျ ဆောင်ရွက်သွားရန် တာဝန်ရှိသူများအား ဆွေးနွေးမှာကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )