မိုးညိုမြို့နယ် ပြည်သူ့စာကြည့်တိုက် Online မှတဆင့် ၀န်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ

မိုးညို နို၀င်ဘာ ၂၆

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသားလူငယ်များ၊ စာဖတ်ပရိတ်သတ်များ အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ပြည်သူများအား အသိပညာပေး အစီအစဉ်များကို Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့် ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အသိပညာပေး လုပ်ငန်းများဖြစ်သည့် ရုပ်ပုံစာအုပ်ဖြင့် ပုံပြင်ပြောခြင်း၊ စက္ကူပြဇာတ်ဖြင့် ပုံပြောခြင်း၊ ကဗျာရွတ်ဆိုပြခြင်း၊ အသစ်ရောက်ရှိလာသော စာအုပ်များအား မိတ်ဆက်ခြင်း၊ လက်မှုပညာဖန်တီးခြင်း ၊အစီအစဉ်များကို အပတ်စဉ် ဆောင်ရွက်ပေးလျက်ရှိသည်။ မိုးညိုမြို့နယ် ပြည်သူ့စာကြည့်တိုက်မှ အွန်လိုင်းစနစ်ဖြင့် စာကြည့်တိုက်၀န်ဆောင်မှုပေးခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၀န်ထမ်းများနှင့် စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့၀င်များ ပူးပေါင်း၍ စာပေဗဟုသုတများ တိုးပွားရေးအတွက် သုတရသ စာအုပ်ကောင်းများကို ရှာဖွေ၍ လေ့လာဖတ်ရှုနိုင်ရန် စာဖတ်ဝိုင်းများ ပြုလုပ်ပေးခြင်း၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ Talk Show များ ဆောင်ရွက်ပေးခြင်း စသည့် အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။

ယနေ့နံနက်ပိုင်းတွင် လက်မှုပညာဖန်တီးခြင်း အစီအစဉ်အဖြစ် လွယ်ကူရိုးရှင်းသည့် ပျားကောင် ပြုလုပ်နည်းကို ဒေါ်အေးအေးဟန် (စာကြည့်တိုက်လက်ထောက်-၃) က ပြသပေးခဲ့ကြောင်း သိရသည်။​

စန္ဒာလင်း(မိုးညို)