တောင်ငူ နိုဝင်ဘာ ၂၆
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် တောင်ငူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်နိုင်ရေး၊ ရောဂါ ကွင်းဆက် ပြတ်တောက်နိုင်ရေး တစ်ဦးတစ်ယောက်ချင်းစီတိုင်းအနေဖြင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရန် နေထိုင်သွားရမည့် အချက်များအား နှိုးဆော်ခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်မှ စတင်၍ မြို့ပေါ်ရပ်ကွက်များအား ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ရောဂါ ကာကွယ်ရေးဆိုင်ရာ ထုတ်ပြန်ချက်များ၊ လူစုလူဝေးမပြုလုပ်ကြပါရန်၊ မဖြစ်မနေ အရေးကြီး ကိစ္စများကြောင့် အပြင်သွားလာရပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask များ စနစ်တကျ တပ်ဆင်သွားလာနိုင်ရန်၊ အပြင်မှပြန်လာပြီးတိုင်း ရောဂါကာကွယ်ရေး နည်းလမ်းများနှင့်အညီ ဆောင်ရွက်ကြရန်စသည့် ကူးစက်ရောဂါပြန့်ပွားမှုအား ထိန်းချုပ်နိုင်ရေးအတွက် မိဘ ပြည်သူများ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ တောင်ငူမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနိုင်ရေးအတွက် ဆေးထိုးစုရပ်နေရာများ ဖြစ်သည့် ဂယ်ဂိုဂယ်ဘားခရစ်ယာန်ကျောင်း၊ ကေလဇာတီဘုရားဝန်း၊ မြစည်းခုံသာသနာ့ဗိမာန်ဝန်း၊ ကေတုမတီမြို့သစ် မြို့ ဦးကျောင်းတိုက်တို့တွင် နေ့စဉ် နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအချိန်ထိ ဒုတိယအကြိမ်မြောက် ထိုးနှံပေးမည်ဖြစ်ကာ နေ့ရက်အလိုက် ထိုးနှံမည့်သူများ သိရှိစေနိုင်ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် နှိုးဆော်ဆောင်ရွက်ခဲ့ကြကြောင်း သိရ သည်။
ဇော်ထက်(တောင်ငူ)