စလင်း၊ နိုဝင်ဘာ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်(၆)လ ဘက်ဂျက်တွင်ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်မည့် ကျေးလက်ကုန်ထုတ်လမ်း၊ တံတားများ၏ တင်ဒါရှင်းလင်းပွဲနှင့် မြစိမ်းရောင်ရန်ပုံငွေပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခမ်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားတွင် စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးနေလင်းနိုင်က အဖွင့်အမှာစကား ပြောကြားခြင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူ ဦးစိုးခိုင်က ၂၀၂၁-၂၀၂၂ခုနှစ်တွင် ဆောင်ရွက်ရမည့် ၆ လဘက်ဂျက်ပါလုပ်ငန်းများကို ဒေသခံတောင်သူများ လယ်ယာ ကုန်ထုတ်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် ကျေးလက်ကုန်ထုတ်လမ်း အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းနှင့်စပ်လျဉ်းပြီး တာဝန်ယူဆောင်ရွက်မည့်ကော်မတီအနေဖြင့် သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ လုပ်ငန်းအရည် အသွေးပြည့်မီရေးနှင့် အချိန်မှီပြီးစီးအောင်ဆောင်ရွက်ကြရန် ရှင်းလင်းဆွေးနွေးခဲ့သည်။
၆လဘက်ဂျက်တွင်ပါဝင်သည့် တဲကုန်းကျေးရွာနှင့် ကံကုန်းကျေးရွာ ကုန်ထုတ်လမ်း မြေနီကျောက်စရစ်ခင်းခြင်း လုပ်ငန်းများအတွက် ၆၇.၄ကျပ်သန်းကုန်ကျမည်ဖြစ်သည်။ ထို့နောက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် ၆ လဘက် ဂျက်တွင်ဆောင်ရွက်မည့် မြစိမ်းရောင်ကျေးရွာစီမံကိန်းဝင် ကူတိုမြောက်ကျေးရွာအား ရန်ပုံငွေကျပ် သိန်း၃၀၀ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာမှ မြို့နယ်အုပ်ချုပ်ရေးမှူးဦးနေလင်းနိုင်က လွှဲပြောင်းပေးအပ်ရာ ကူတိုမြောက်ကျေးရွာ မြစိမ်းရောင်ရန်ပုံငွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအေးကိုမှ လက်ခံရယူခဲ့သည်။
အဆိုပါကျေးရွာ၌ စိုက်ပျိုးရေးလုပ်ကိုင်သူ ၆၆ ဦးအား ငွေကျပ် ၁၇၆သိန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၆၆ ဦးအား ငွေကျပ် ၁၀၇.၅သိန်း၊ အရောင်းအဝယ်လုပ်ကိုင်သူ ၇ ဦးအား ငွေကျပ် ၁၆.၅ သိန်း၊ စုစုပေါင်း ၁၄၀ ဦး တို့အား ငွေကျပ်သိန်း ၃၀၀ ထုတ်ချေးခဲ့ရာ အတိုးနှုန်း ၅၀ကျပ်နှုန်းဖြင့် ထုတ်ချေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှသိရှိရသည်။
မောင်လွင်(စလင်း)