ငဖဲ နိုဝင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ကျောင်းတွင်းရပ်ကွက် စည်ပင်ကွက်သစ်ရပ် ပဒါန်း-ငဖဲ ကားလမ်းဘေးတွင် နေထိုင်ပြီး ဆောင်းတွင်းရာသီစာအဖြစ် ဒေသထွက် ကောက်ညှင်းကျည်တောက်(ခ) တင်းဝါးများကို မိသားစုတစ်ပိုင်တစ်နိုင် လုပ်ကိုင်ရောင်းချရာ ရောင်းအားကောင်း၍ စီးပွားရေး အဆင်ပြေနေကြောင်း သိရသည်။
တင်းဝါးကို ပုသိမ်ကောက်ညှင်းဆန် အမျိုးအစားကိုသုံးပြီး ၁ ညရေစိမ်ထားရကြောင်း၊ စိမ်ပြီးသား ကောက်ညှင်းဆန်များကို ပိုင်းဖြတ်ပြီးသား တင်းဝါးအတွင်းထည့်၍ ရေနွေးထည့်ပြီး ငှက်ပျောရွက်များဖြင့် ပိတ်ဆို့၍ နာရီဝက်ခန့် မီးဖုတ်ရကြောင်း၊ မီးဖုတ်ပြီးသား တင်းဝါးများကို ဓားဖြင့် အပေါ်ယံအခွံခွာပြီး ရောင်းချရကြောင်း သိရသည်။
“ကောက်ညှင်း ကျည်တောက်(ခ) တင်းဝါးကို လုပ်ကိုင်ရောင်းချလာတာ ၅ နှစ်ခန့်ရှိပြီ ဖြစ်ကြောင်း၊ နှစ်စဉ်သီတင်းကျွတ်လပြည့်ကျော် တင်းဝါးရရှိချိန်မှ တပို့တွဲလအထိ ရောင်းချရကြောင်း၊ တစ်နေ့လျင် ကောက်ညှင်းဆန် ၈ ပြည်နှုန်း ပုံမှန်လုပ်ကိုင်ရပြီး မှာယူသူများရှိပါက ၁၆ ပြည်အထိလုပ်ကိုင် ရောင်းချရကြောင်း၊ ပုသိမ်ကောက်ညှင်းဆန် တစ်ပြည်ကို ငွေကျပ် ၁၅၀၀ နှုန်းပေးဝယ်ရပြီး တင်းဝါးများကို မန်းချောင်း ရေလှောင်တမ ံဆည်အနောက်ဘက် တောထဲမှ ခုတ်ယူရရှိကာ ဝါးတစ်လုံးလျှင် ငွေကျပ် ၅၀၀ ပေးရကြောင်း၊ အဆိုပါဝါးတစ်လုံးကို တစ်ဆစ်စီ ပိုင်းဖြတ်ပါက ၈ပိုင်းခန့်ရရှိကြောင်း၊ မီးဖုတ်ပြီးသား တင်းဝါးတစ်လုံးလျင် အကြီးအသေးပေါ်မူတည်၍ ငွေကျပ် ၂၅၀ မှ ၈၀၀ ကျပ် အထိရောင်းချရကြောင်း၊ တင်းဝါးများကို မိမိနေအိမ်မှာပဲ လုပ်ကိုင်ရောင်းချပြီး စားသုံးသူများနှင့် လက်ဆောင်ပေးရန် လာရောက်ဝယ်ယူကြရာ နေ့စဉ်ပုံမှန်ရောင်းချရ၍ တစ်နေ့လျင် ငွေကျပ် ၁၅၀၀၀ မှ ၂၀၀၀၀ ထိ အမြတ်ငွေရရှိလို့ မိသားစု စီးပွားရေးအဆင်ပြေနေကြောင်း ’’ ကျောင်းတွင်းရပ်ကွက် ပဒါန်း-ငဖဲ ကားလမ်းဘေးတွင် နေထိုင်ပြီး တင်းဝါးလုပ်ကိုင်ရောင်းချသူ ဦးကြီးညို ကပြောကြားသည်။
မယု (ငဖဲ)