(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဆောင်ရွက်ခြင်းနှင့် စာစီစာကုံး ပြိုင်ပွဲ ဆုချီးမြှင့်ပေးအပ်ပွဲကျင်းပ

မင်းဘူး          နိုဝင်ဘာ         ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေးဆောင်ရွက်ခြင်းနှင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများအား ဆုချီးမြှင့် ပေးအပ်ပွဲအခမ်းအနားကို နိုင်ဝင်ဘာ ၂၄ ရက် နေ့လည် ၁ နာရီအချိန်က မင်းဘူးမြို့ အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် မင်းဘူးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က ကျောင်းသား/ကျောင်းသူများ အသိပညာဗဟု သုတနှင့် ဉာဏ်ရည် ဉာဏ်သွေးမြင့်မားလာစေရေးတို့အတွက် စာကြည့်တိုက်များကို ကောင်းစွာအသုံးချပြီး ကျောင်းစာအပြင် သုတ၊ ရသစာပေများကို ဖတ်ရှုလေ့လာ မှတ်သားကြရန်၊ နိုင်ငံ့သားကောင်းရတနာများ ပီသစွာဖြင့် လူတော်လူကောင်းများဖြစ်အောင် စာကိုကြိုးစာလေ့လာသင်ယူကြရန် ဆွေးနွေးပြေားကြား ခဲ့ပြီးနောက် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ အလယ်တန်းပြဆရာမ ဒေါ်မိုးဆွေက အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ အကြောင်းနှင့် ခေတ်အဆက်ဆက် အမျိုးသားနေ့အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြား ခဲ့သည်။

ထို့နောက် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အဖြစ် “အမျိုးသားနေ့ ဒို့မမေ့” ခေါင်းစဉ်ဖြင့် စာစီစာကုန်းပြိုင်ပွဲကို နိုဝင်ဘာ ၂၃ ရက်နေ့က မင်းဘူးမြို့ အ.ထ.က(၂)ကျောင်း တွင်ကျင်းပ ခဲ့ရာ အထက်တန်းနှင့် အလယ်တန်းအဆင့် ဝင်ရောဖြေဆိုယှဉ်ပြိင်သူ ကျောင်းသား/ ကျောင်းသူပေါင်း (၄၀)ဦး အနက်မှ ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထဆုရရှိသူများကို တာဝန်ရှိသူ များက အသီးသီးဆုများကို ချီးမြှင့်ခဲ့ပေးအပ်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားအပြီးတွင်  တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများကို ခရိုင် ပြန်/ဆက်ဝန်ထမ်းများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ထုတ်ဝေသော (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)