ကျိုက်လတ် ဩဂုတ် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ရွှေဝါလတ် ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီက ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တွေ့ဆုံ၍ မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့သည်။
အစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင် က မိုးရာသီဖြစ်သဖြင့် ရေမြောင်းများ ရေစီးရေလာ ကောင်းမွန်ရေးနှင့် ပတ်ဝန်းကျင် သန့်ရှင်းရေးအတွက် ဂရုစိုက် ဆောင်ရွက်သွားကြရန်၊ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ထားသည့် လုပ်ငန်းများနှင့် ဌာနများအလိုက် ဆောင်ရွက်နေရသည့်
လုပ်ငန်းများကို ယခုဘဏ္ဍာရေးနှစ်အတွင်း သတ်မှတ်ကာလအတိုင်း ပြီးစီးအောင် ဆောင်ရွက်သွားကြရန်၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး ဆိုင်းဘုတ်များကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် သတ်မှတ်နေရာများတွင် ထားရှိဆောင်ရွက်သွားရန် တို့ကို ပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းက ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့် ကာလဖြစ်သဖြင့် ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ နေထိုင်ဆောင်ရွက်သွားရန်၊ ရွေးကောက်ပွဲ အတွက် မဲဆန္ဒရှင်စာရင်းများတွင် ဌာနဆိုင်ရာ ဝန်ထမ်းများအနေဖြင့် မိမိတို့၏အမည် မဲစာရင်းတွင် ပါ/မပါကို ကြည့်ရှု၍ လိုအပ်ပါက သတ်မှတ်ထားသည့် ပုံစံများတွင် ဖြည့်သွင်း ဆောင်ရွက်ရန်တို့ကို ဆွေးနွေးခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ က မိမိတို့နှင့် သက်ဆိုင်သည် များအား ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ရီရီမြင့်(ပြန်/ဆက်)