ချောင်းဦးမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) မှ ကျေးရွာ(၆)ရွာသို့ ငွေကျပ်သိန်းပေါင်း (၁၄၇၉.၉) သိန်း ထုတ်ပေးပြီးဖြစ်

ချောင်းဦး ဩဂုတ် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်အရ ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်  ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်း (VRFP) မှ ငွေကျပ်သိန်းပေါင်း (၁၄၉.၉) သိန်းကို ကျေးရွာ(၆)ရွာသို့  ထုတ်ပေးပြီး ဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ချောင်းဦးမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ရန်ပုံငွေဖြင့် ရွာထင်ကျေးရွာ၊ ချောင်းမနားမြောက် ကျေးရွာ၊ ညောင်ပင်လှကျေးရွာ၊ ၀ယာကျေးရွာ၊ မျက်ပါးကျေးရွာနှင့် ကုလားကြီးကျေးရွာ စုစုပေါင်း ကျေးရွာ(၆) ရွာတို့တွင် အကောင်အထည်ဖော် ဆောင်ရွက် နေပါကြောင်း၊ VRFP စီမံကိန်းကို အမျိုးအစား သုံးမျိုးခွဲခြား၍ ထုတ်ချေးပေးပါကြောင်း၊ အိမ်ခြေ (၁၀၁)အိမ် အထက်ကို ငွေကျပ်သိန်း (၃၀၀)၊ အိမ်ခြေ (၅၁) အိမ်မှ (၁၀၀) အိမ်အထိကို ငွေကျပ်သိန်း (၂၀၀)၊ အိမ်ခြေ (၅၀) အောက်ကို ငွေကျပ်သိန်း(၁၀၀)တို့ ထုတ်ချေးပေးပါကြောင်း၊ မြို့နယ်ကျေးလက် ဦးစီးမှူး ဒေါ်ခင်စိုး၀င်းက ပြောသည်။

ချောင်းဦးမြို့နယ်တွင် ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP) ဖြင့် ကျေးရွာ (၆) ရွာမှ  စိုက်ပျိုးရေး လုပ်ကိုင်ရန် အသင်းသား (၄၄၅) ဦးအတွက် (၁၁၂၀.၆) သိန်း၊ မွေးမြူရေး လုပ်ကိုင်ရန် အသင်းသား (၇၇) ဦးအတွက် (၁၆၈.၈) သိန်း၊ သက်မွေး၀မ်းကြောင်း လုပ်ကိုင်ရန် (၁၂)ဦးအတွက် (၄၅.၅)သိန်း၊ ရောင်း၀ယ်ရေး လုပ်ငန်း လုပ်ကိုင်ရန် အသင်းသား (၆၁)ဦးအတွက် (၁၄၅)သိန်း၊  စုစုပေါင်း အသင်းသား (၅၉၅) ဦး အတွက် ထုတ်ချေးငွေပေါင်း (၁၄၉.၉) သိန်း ထုတ်ချေးပေး ထားကြောင်း သိရသည်။

အိအိအောင်(ချောင်းဦး)