ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း၌ တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်နည်း သင်တန်း ဖွင့်လှစ်သင်ကြား

ပခုက္ကူ  နိုဝင်ဘာ ၂၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း၌ မြန်မာ့လက်ရက် ထည်များအပြင် တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်နည်း ပညာရပ်များ သင်ကြားပို့ချ ပေးခြင်းဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက် မြင့်မားလာစေရန် ရည်ရွယ်၍ တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်နည်းသင်တန်းကို နိုဝင်ဘာလ ၁၅ရက်မှစတင်ပြီး ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန ကြီးကြပ်မှုအောက်ရှိ ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းတွင် ၂၀၂၁-၂၀၂၂ခုဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေကျပ် ၂၃ ဒသမ ၉ သိန်းကျော်ဖြင့် တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်နည်း သင်တန်းဖွင့်လှစ်ရာ  အခြေခံပညာ အလယ်တန်းအဆင့်ရှိသည့် အမျိုးသမီး သင်တန်းသူ(၂၀)ဦး တက်ရောက်သင်ယူလျက်ရှိပြီး သင်တန်းနည်းပြ ဆရာမ(၂)ဦးက ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ ၁၅ ရက်မှ ဒီဇင်ဘာလ ၁၄ ရက်နေ့အထိ စာတွေ့ (၃၀)ရာခိုင်နှုန်း၊ လက်တွေ့ (၇၀)ရာခိုင်နှုန်းတို့ဖြင့် စနစ်တကျ သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း၊ သင်ကြားပေးသည့် ဘာသာရပ်များမှာ ဂျပ်ခုတ်ရန် ချည်လုံးနည်း၊ ဂျပ်ခုတ်ချားဆွဲနည်း၊ ဂျပ်ခုတ်နှတ်ကောက်နည်း၊ ဂျပ်ခုတ်စင်ပေါ်တွင် အပွင့်ကောက်နည်း၊ ဂျပ်ခုတ်ရက်ခတ်နည်းတို့ ဖြစ်ကြောင်း၊ သင်တန်းအတွက် ကုန်ကြပ်ပစ္စည်းများအဖြစ် ယုံချည်(ရောင်စုံ)၊ သိုးမွှေးချည်၊ လက်တင်ချည်၊ ဖဲချည်(၆)ပင်ကျစ်၊ ဝါး၊ ကော်ပတ်၊ ဖယောင်း၊ ခါးပတ်(အဝတ်စ)၊ ကြိုးထုံး၊ သံများနှင့် လက်သုံးကိရိယာများအဖြစ် ၅-မတ်ပိုက်(ပလပ်စတစ်)၊ သစ်သားလုံး၊ ဂျပ်ပြားကြီးတို့ လိုအပ်ကြောင်း၊ မိမိဒေသ ထုတ်ကုန်များအပြင် အခြားတိုင်းရင်းသားရိုးရာထည်များ တိုးမြှင့်ထုတ်လုပ်နိုင်ရန် သင်ကြားပေးခြင်းဖြင့် အသိပညာ၊ အတတ်ပညာများ ပြန့်ပွားစေပြီး မြန်မာ့လက်ရက်ထည်၊ ရက်ကန်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ဖွင့်လှစ် ပေးခြင်းဖြစ်ကြောင်း၊ ၂၀၂၁-၂၀၂၂ခု ဘဏ္ဍာရေးနှစ်အတွင်း ဓာတုနှင့်သဘာ ဝဆေးဆိုးနည်း သင်တန်း၊ လူသုံးကုန်ထုတ်လုပ်နည်းသင်တန်း၊ လက်ရက်ကန်းဖဲနှပ်ကောက်သင်တန်း၊ အထည်ဆေးရေးနှင့် ပန်းပုံရိုက်သင်တန်းများ ဆက်လက်ဖွင့်လှစ်သင်ကြားပေးရန် လျာထားကြောင်း ပခုက္ကူမြို့၊ ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်သန်းသန်းဌေးက ပြောသည်။

ထို့အပြင် မြန်မာနိုင်ငံအတွင်းမှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားမျိုးနွယ်စုများအလိုက် ကိုယ်ပိုင်ရိုးရာ ဝတ်စား ဆင်ယင်မှုအဖြစ် ရှေယခင်ကပင်ရပ်တည်လာခဲ့သည့် ဝတ်စားဆင်ယင်မှုများ ရေရည်တည်တံ့ခိုင်မြဲစွာ ထိန်းသိမ်းရပ်တည် နိုင်ရေးနှင့် တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်တစ်ထည် စစ်စစ်ရရှိရေးအတွက် အချိန်ကြာမြင့်စွာရက်လုပ်ရပြီး တန်ဖိုးကြီးမားသောကြောင့် ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းသည် တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်နည်းပညာ တိမ်ကောပပျောက်မှု မရှိစေရန်၊ မိမိတတ်ကျွမ်းထားသော ရက်ကန်းပညာရပ်နှင့် တိုင်းရင်းသားရိုးရာ ဂျပ်ခုတ်ထည်များ တီထွင်ဖန်တီး ထုတ်လုပ်လာနိုင်စေရန်၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာစေရန်နှင့် တစ်ပိုင်တစ်နိုင် မိသားစုအပိုဝင်ငွေရရှိစေရန်၊ မြန်မာ့လက်ရက်ထည်များ၊ တိုင်းရင်းသားရိုးရာ ထည်များ ရေရှည်ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရန် ရည်ရွယ်ချက်တို့ဖြင့် သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)