ပေါက်မြို့နယ် မုန်ကုန်းရွာတွင် နှစ်စဉ်ကျင်းပလျက်ရှိသော (၉၅)ကြိမ်မြောက် ရွှေမြင်းတင် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပ

ပေါက်    နိုဝင်ဘာ    ၂၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် မုန်ကုန်းကျေးရွာနေ လူငယ်အမျိုးသား၊အမျိုးသမီးများနှင့် ဂေါပကအဖွဲ့က ဦးဆောင်ကာ နှစ်စဉ်ကျင်းပလျက်ရှိသော (၉၅)ကြိမ်မြောက် ရွှေမြင်းတင် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို  တန်ဆောင်မုန်းလပြည့်ကျော် (၅)ရက်(နိုဝင်ဘာ ၂၃ရက်) နံနက် ၈ နာရီက စတင်ကာ မုန်ကုန်းကျေးရွာ အာယုဒီဃဥယျာဉ်ကုန်းတော်ပေါ် စာသင်ပျိုးဥယျာဥ်ကျောင်းတိုက်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

 ဘုရားပွဲတော် ကျင်ပရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး နိုဝင်ဘာ ၂၃ ရက်နေ့ တန်ဆောင်မုန်းလပြည့်ကျော် ၅ ရက်နေ့ နံနက် ၈ နာရီတွင် ကျေးရွာနေပြည်သူများနှင့် ဘုရားပွဲလာဧည့်သည်တော်များ စုပေါင်းလှူဒါန်းထားသော ကန်တော့ပွဲများနဲ့အတူ ကျေးရွာအတွင်းလှည့်လည်၍ ထိုမှတဆင့် အာယုဒီဃဥယျာဉ်ကုန်းတော်စာသင်ပျိုး ဥယျာဉ်ကျောင်းတိုက်အထိ လှည့်လည်ခဲ့ကြပြီး ရွာဦးကျောင်းဆရာတော် ဦးကေသဝနှင့် ပင့်သံဃာတော်(၆၀) ပါးတို့အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်း၊ နေ့ဆွမ်းဆက် ကပ်လှူဒါန်းခြင်း၊ ပျော်ပွဲရွှင်ပွဲအက များနှင့် အတူစည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြောင်း သိရသည်။

 

ဉာဏ်တိုး(ပြန်/ဆက်)