လှိုင်းဘွဲမြို့နယ်၌ နိုင်ငံတကာအဆင့်မီ အရေးပေါ်အသက်ကယ်သင်တန်းနှင့် ရှာဖွေ ကယ်ဆယ်ရေး သင်တန်းတွင် အရေးပေါ်လူနာ ကယ်ဆယ်နည်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်

လှိုင်းဘွဲ  နိုဝင်ဘာ ၂၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မီးသတ်ဦးစီးဌာနနှင့် လှိုင်းဘွဲမြို့နယ် RESCUE အဖွဲ့တို့ ပူးပေါင်းဖွင့်လှစ်သော နိုင်ငံတကာအဆင့်မီ အရေးပေါ် အသက်ကယ် သင်တန်းနှင့် ရှာဖွေကယ်ဆယ်ရေး သင်တန်းကို တက်ရောက်နေကြသော လှိုင်းဘွဲမြို့နယ် အတွင်းရှိ ကျေးရွာများမှ လူငယ်လူရွယ်များ၊ ရွှေနတ်တောင်လူမှုကယ်ဆယ်ရေးအဖွဲ့၊ (သဒ္ဒါဖြူ) အစ္စလာမ်လူမှု ကူညီရေးအသင်းတို့မှ လူငယ်သင်တန်းသား (၇၅)ဦး၊ သင်တန်းသူ (၃၅)ဦး၊ စုစုပေါင်း (၁၁၀) ဦးတို့မှ မတော်တဆ ယာဉ်တိုက်ခိုက် မှုကြောင့် ထိခိုက်ဒဏ်ရာ ရကြသည့် အရေးပေါ်လူနာများအား ရှာဖွေကယ်ဆယ်နည်း လက်တွေ့သရုပ်ပြ ဇာတ်လေ့ကျင့်ခြင်း လုပ်ငန်းများကို ယနေ့နံနက်(၈)နာရီအချိန်က (ခ) ရပ်ကွက်အတွင်းရှိ ကုန်သည် လမ်းထောင့်တွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ အရေးပေါ်လူနာများ ရှာဖွေကယ်ဆယ်နည်း လက်တွေ့သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ခြင်း အစီအစဉ်များတွင် မတော်တဆ ယာဉ်တိုက်မှုများဖြင့် ထိခိုက်ဒဏ်ရာ ရရှိကြသော အရေးပေါ်လူနာများအား ရှေးဦးသူနာပြုစုနည်း၊ တစ်ယောက်သယ်နည်း စနစ်အမှန်၊ ဘေးပွေ့သယ်ဆောင်နည်း၊ နှစ်ယောက်လက်ယှက် သယ်ဆောင်နည်း၊ ပိတ်၊ ဝါးဖြင့် နှစ်ယောက်သယ်နည်း၊ ရေအိုးစင်သယ်ဆောင်နည်း၊ ကျားသယ်ဆောင်နည်း၊ မသယ်ဆောင်နည်း၊ သုံးယောက်ရင် ကပ်သယ်ဆောင်နည်း၊ လေးယောက်ရင် ကပ်သယ် ဆောင်နည်း၊ လေးယောက် အလွတ်သယ်ဆောင်နည်း၊ ပိတ်ဖြင့် ငါးယောက် သယ်ဆောင်နည်း၊ မသာထုပ်နည်း၊ ဘောကပ်ဖြင့် သယ်ဆောင်နည်းများကို သင်တန်းသား၊ သင်တန်းသူများက အဖွဲ့အလိုက် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရှိရသည်။

လင်းသန့်(ပြန်/ဆက်)