ရှမ်းရွာသစ် နိုဝင်ဘာ ၂၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုတွင် တောင်သူများအတွက် တောင်ယာ လုပ်ငန်းနှင့်တွဲဖက်ပြီး ဝင်ငွေများပိုမိုရရှိနိုင်သည့် နှမ်းနက်(ခေါ်) စမုံနက်နှမ်းများ စိုက်ပျိုးမှု အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရှိရသည်။
အဆိုပါ နှမ်းနက်ကို စိုက်ပျိုးရာတွင် မြေကိုညက်အောင်ဦးစွာပြုပြင်ပြီးမှ စိုက်ပျိုးရကြောင်း၊ နှမ်းမျိုး အနေဖြင့် (၂) ပြည်ခန့်အသုံးပြုရကြောင်း စိုက်ပျိုးပြီး (၂၅) ရက်အကြာတွင် ပေါင်းပင်များနှုတ်ခြင်း၊ မြေဆွ ပေးခြင်းနှင့် နှမ်းသားခွဲခြင်းလုပ်ငန်းများ လုပ်ဆောင်ပေးရကြောင်း၊ မိုးရွာသွန်းသည့်အခါ မြေဩဇာကျွေး ခြင်းများဆောင်ရွက်ပေးရကြောင်း၊ နှမ်းတစ်ဧကတွင် အပင်အပြုအစု၊ ရာသီဉတုနှင့် မြေအမျိုးအစားပေါ် မူတည်၍ တစ်ဧကတွင် (၁၄)တင်းမှ (၂၀) တင်းထွက်ရှိကြောင်း၊ ယခင်နှစ်တွင် တစ်တင်းကို ငွေကျပ် (၄၀၀၀၀)မှ (၄၇၀၀၀)အထိ ဈေးနှုန်းရရှိကြောင်း၊ ယခုနှစ်တွင် မိုးရွာသွန်းမှုများပြီး နှမ်းနက် စိုက်ခင်းများ အထွက်နှုန်းနည်းပါးသော်လည်း ကာလပေါက်ဈေးအရ တစ်တင်းကို ငွေကျပ် (၅၀၀၀၀)ခန့်ရှိတာကြောင့် တောင်သူများအတွက် ဝင်ငွေများရရှိ၍ အဆင်ပြေသောကြောင့် နှစ်စဉ် တောင်ယာလုပ်ငန်းနှင့် တွဲဖက်ပြီး စိုက်ပျိုးကြောင်း မဲသမူးကျေးရွာရှိ တောင်သူတစ်ဦး၏ပြောပြချက်အရ သိရှိရသည်။
ရှမ်းရွာသစ်(ပြန်/ဆက်)