ရေဖြူ နိုဝင်ဘာ ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင် ရေဖြုမြို့နယ် ကြက်ခြေနီ အသင်းက ဦးဆောင်ကြီးကြပ်၍ ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်း အမှတ်စဉ်(၂/၂၀၂၁) အား ရေဖြူမြို့ (ဂ)ရပ်ကွက်၊ သာသနာ့ရံသီကျောင်း ဓမ္မာရုံတွင် ယမန်နေ့ နံနက် ၉ နာရီက ဖွင့်လှစ်ပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါသင်တန်းတွင် မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးခင်မောင်မြင့်က သင်တန်းဖွင့်လှစ် ပို့ချရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ကြက်ခြေနီအကြောင်း သိကောင်းစရာ ဘာသာရပ်၊ ရှေးဦးပြုစုခြင်းဆိုင်ရာ သဘောတရားများ၊ မိသားစုပြန်လည် ဆက်သွယ်ခြင်း ဘာသာ၊ ကိုဗစ် -၁၉ လူနာများအားရှေးဦးပြုစုခြင်း၊ လူနာသယ်ဆောင်နည်း၊ ဒဏ်ရာရရှိသူ များအား ပြုစုခြင်း စသည့်ဘာသာရပ်တို့ကို ဆက်လက်ပို့ချနေပြီး သင်တန်းကို စာတွေ့၊ လက်တွေ့သရုပ်ပြခြင်းဖြင့် (၅)ရက်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါသင်တန်းကို သင်တန်းသား (၅၀)ဦးတက်ရောက်သင်ကြားလျက်ရှိပြီး ယခင်သင်တန်း အမှတ်စဉ် (၁/၂၀၂၁)ကို ဖောင်းတောကျေးရွာတွင် သင်တန်းသား (၂၂)ဦးဖြင့် ပထမအကြိမ် ဖွင့်လှစ်ခဲ့ရာ ယခုသင်တန်းမှာ ဒုတိယအကြိမ်ဖြစ်ကြောင်းသိရသည်။
ခတ္တာ