ဖောင်းပြင်မြို့နယ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်း

ဖောင်းပြင် နိုဝင်ဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကျေးရွာနှစ်ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ စီမံကိန်းဆိုင်ရာ မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကော်မတီဖွဲ့စည်းခြင်းကို ဘိုင်းလယ်ကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြုလုပ်ကြောင်း သိရသည်။

ထိုသို့ပြုလုပ်ရာတွင် ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြို့နယ်ဦးစီးမှူး ဦးသန်းဇော်ဝင်းက မြစိမ်းရောင်စီမံကိန်းနှင့် ပတ်သက်၍ လည်းကောင်း၊ ကျေးရွာကော်မတီ ဖွဲ့စည်းရာတွင် ပါဝင်သည့် စည်းကမ်းချက်များကို လည်းကောင်း ရှင်းလင်းပြောကြားကာ မြို့နယ် ဦးစီးအရာရှိ ဒေါ်သန်းသန်းညွှန့်က စီမံကိန်းအား အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ကော်မတီဝင်များက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားသည်။

ယင်းနောက် ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ဦးဆောင်လုပ်ကိုင်မည့် ကော်မတီဝင် များအား ကျေးရွာနေပြည်သူများက စိစစ်ရွေးချယ်ပေးကြကြောင်း သိရသည်။

အဆိုပါစီမံကိန်းသည် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝကို ဖွံ့ဖြိုးတိုးတက် လာစေရန်အတွက်  နိုင်ငံတော်က ငွေကျပ်သိန်း(၃၀၀)ကျပ် မတည်ပေးပြီး ကျေးရွာနေ ပြည်သူများက ဝင်ငွေရရှိသည့် တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်နိုင်ရေး သက်သာသည့် အတိုးနှုန်းများဖြင့် ထုတ်ချေးပေးပြီး ထိုသို့ထုတ်ချေးပေး၍ ရရှိသော အတိုးရငွေများဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို ဆောင်ရွက်ရသည့် စီမံကိန်း ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးသန်းဇော်ဝင်းထံမှ သိရသည်။

ကိုထွန်း(ဖောင်းပြင်)