ဒေသန္တရအမိန့် ထုတ်ပြန်ကြေညာချက်အား ပြည်သူများ သိရှိနိုင်စေရန်အတွက် အရာတော် မြို့နယ်အတွင်း အသံချဲ့စက်ဖြင့် လှည့်လည်ကြေညာ

အရာတော် နိုဝင်ဘာ  ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်အတွင်း နေထိုင်လျက်ရှိသော အများပြည်သူများ အနေဖြင့် မော်တော်ဆိုင်ကယ်စီးနင်းရာတွင် သိရှိလိုက်နာနိုင်စေရန်အတွက် ဆိုင်ကယ် တစ်စီးလျှင် လူတစ်ဦးသာ စီးနင်းစေရန်  ဒေသန္တရအမိန့် ထုတ်ပြန်ကြေညာချက်အား ပြည်သူများသိရှိနိုင်စေရေး ယနေ့ မွန်းလွဲ ၁ နာရီက အရာတော်မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအတွင်း အသံချဲ့စက်ဖြင့် လှည့်လည် အသိပေးကြေညာပေးလျက်ရှိသည်။

ထိုသို့ဒေသန္တရအမိန့်များ ထုတ်ပြန်ကြေငြာရာတွင် အရာတော်မြို့ပေါ်ရှိ အမှတ်(၁/၂/၃)ရပ်ကွက်ရှိ လမ်းများနှင့် လမ်းသွယ်များ၊ မုံရွာ-အရာတော်-ရွှေဘိုကားလမ်းကြီးပေါ်ရှိ အရာတော်မြို့အဝင် ဆိုင်းဘုတ်မှ မြို့နယ်မီးသတ်ရုံးအနီးရှိ ရွှေဘိုဘက်မှ မြို့အဝင် ဆိုင်းဘုတ်အထိ  မြင်းမူ-အရာတော် -နောင်ကြီးအိုင် ကားလမ်းပေါ်ရှိ  အရာတော်မြို့အဝင် ဆိုင်းဘုတ်မှနောင်ကြီးအိုင်ကျေးရွာအထွက်၊ အမှတ်(၂)ရပ်ကွက် အင်ကြင်းလှရပ်အနီးရှိ မြို့အဝင်ဆိုင်းဘုတ်အထိ၊ ဝါးတောမ-အရာတော် ကားလမ်းပေါ်ရှိ (၅၀၀၄)တင့်ကား တပ်ရင်းလမ်းခွဲမှစတင်၍ အရာတော်မြို့ အဝင်လမ်းများ/လမ်းသွယ်များတွင် ဖြတ်သန်း သွားလာမည့် ပြည်သူများအနေဖြင့် မော်တော် ဆိုင်ကယ်တစ်စီးလျှင် လူတစ်ဦးသာ စီးနင်းစေရန်၊ ဒေသန္တရအမိန့်များကို လိုက်နာဆောင်ရွက်ခြင်း မရှိပါက မည်သူမဆို တည်ဆဲဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ထိုအမိန့်အား ၁၃၈၃ခုနှစ်၊ တန်ဆောင်မုန်း လဆုတ်(၅)ရက်၊ ၂၀၂၁ခုနှစ် နိုဝင်ဘာလ (၂၃)ရက်နေ့မှစ၍ နောက်ထပ်အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မပြုမီအထိ အတည်ဖြစ်ကြောင်း ဒေသန္တရ အမိန့်အား ပြည်သူများ သိရှိလိုက်နာနီုင်စေရန် အသံချဲ့စက်ဖြင့် လှည့်လည်အသိပေး ကြေညာပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ ဒေသန္တရအမိန့်အား ပြည်သူများသိရှိနိုင်စေရန် အသိပေးကြေညာခြင်းကို မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့မှတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)