ဖြူး - နိုဝင်ဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ဖြူးမြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲ Talk Show ကို ဖြူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်(၁၀)နာရီခွဲ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက အမျိုးသားအောင်ပွဲနေ့အကြောင်း ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် ပြုလုပ်ရခြင်း ဖြစ်ကြောင်းကို ရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက် ဖြူးမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းက ကိုလိုနီခေတ်ဦးတွင် မြန်မာမျိုးချစ်များ အရေးတော်ပုံရှုံးနိမ့်ခဲ့ပြီး မျိုးချစ်စိတ်ဓါတ်များခေတ္တငုတ်လျှိုးနေချိန်တွင် ပထမကျောင်းသား သပိတ်မှ စတင်ပြီးမျိုးချစ်စိတ်ဓါတ်များ နိုးကြားလာကာ မြန်မာ့ လွတ်လပ်ရေးကို အရယူသည်အထိ ကြိုးပမ်းဆောင်ရွက်ခဲ့ပုံ၊ မြန်မာနိုင်ငံ၏ အမျိုးသားနေ့ အဖြစ် သတ်မှတ်ရန်အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြပြီး မြန်မာတွေအောင်ပွဲရရှိခဲ့သည့် ပထမ ကျောင်းသား သပိတ်စတင်ခဲ့သည့်ရက်ကို အမျိုးသားအောင်ပွဲနေ့အဖြစ် သတ်မှတ်ခဲ့ပုံ များစသည့် အမျိုးသား အောင်ပွဲနေ့ဖြစ်ပေါ်လာပုံအကြောင်းကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)