မြို့သစ် နိုဝင်ဘာ ၂၃
မကွေးခရိုင်၊ မြို့သစ်မြို့နယ်မှ ငွေချည်(၉)ဝါစိုက် တောင်သူများအနေဖြင့် ယခုနှစ် မိုးကာလတွင် စိုက်ပျိုးရေ လုံလောက်စွာရရှိ၍ စိုက်ခင်းများ ဖြစ်ထွန်းအောင်မြင် လျက်ရှိရာ ယခုဆိုလျင်ဝါများ ကောက်ယူ လျက်ရှိကြောင်း သိရသည်။
ဝါများကောက်ယူရာတွင် တစ်ပတ်ကို ၂ ရက်ကောက်ယူနေရကြောင်း ဝါစိုက်တောင်သူ ဦးစံလှိုင် ပြောပြချက်အရ သိရသည်။ ယခုနှစ်ဝါစျေးနှုန်း အနေဖြင့် တစ်ပိဿာ ၁၂၀၀ ကျပ် ဝါသန့်လျှင် ၁၅၀၀ ကျပ်ဖြင့် လက်ရှိပေါက်စျေးရရှိကြောင်း သိရသည်။
စိုက်ပျိုးပြီးရက်ပေါင်း (၂၀)တွင်ပင်ကြားအလိုက် ပေါင်းသင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး တစ်လပြည့်ချိန်တွင် အားဆေး၊ မှိုဆေး၊ ပိုးသတ်ဆေးများကို ရက်ပေါင်း(၂၀)ခြားတစ်ကြိမ် ပတ်ဖြန်းခြင်းများ ပြုလုပ်ရသည်။
ဝါစိုက်ခင်းများ ကောက်ယူရာတွင် လုပ်အားခအနေဖြင့် ငှားရမ်းလုပ်ကိုင်ဆောင်ရွက်ရာ တစ်ဦးလျှင် နေ့စားခ(၅၀၀၀) ကျပ်နှုန်းဖြင့် ငှားရမ်းလုပ်ကိုင် ဆောင်ရွက်ရပြီး မနှစ်က ဝါစျေးမကောင်းသဖြင့် အနည်းငယ်အရှုံးဖြင့် ရင်ဆိုင်ကြရကြောင်း၊ ယခုနှစ်မှာ တစ်ပိဿာလျှင် (၁၂၀၀)နှုန်းဟု ကြားသိရသည့်အတွက် ဆွတ်ခူးရောင်းချချိန်တွင် အထွက်နှုန်းကောင်းပြီး စျေးကောင်းရရန် မျှော်လင့်နေကြောင်း မြို့သစ်မြို့နယ်မှ ဝါစိုက်တောင်သူများထံမှ သိရသည်။
ကိုဇော်(ပြန်/ဆက်)