ပခုက္ကူမြို့၊ ရက်ကန်းနှင့်သက်မွေးပညာ သင်တန်းကျောင်း ဝန်းအတွင်း (RCC)နှစ်ထပ် သင်တန်း ခန်းမဆောင် တည်ဆောက်မှုရာနှုန်းပြည့်ပြီးစီး

ပခုက္ကူ နိုဝင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ ရက်ကန်းနှင့်သက်မွေးပညာ သင်တန်း ကျောင်းဝန်းအတွင်း (RCC) နှစ်ထပ်သင်တန်း ခန်းမဆောင်အဆောက်အဦ တည်ဆောက်မှု လုပ်ငန်းကို ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့မှစတင်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် တည်ဆောက် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။

သမဝါယမနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်းတွင် ၂၀၂၀-၂၀၂၁ခု ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုငွေကျပ် ၁၅၁ သန်းကျော်ဖြင့် အလျား ၈၀ ပေ၊ အနံ ၃၆ ပေ၊အမြင့် ၂၄ ပေရှိသည့် ပခုက္ကူမြို့၊ (RCC) နှစ်ထပ် သင်တန်းခန်းမဆောင် အဆောက်အဦကို Best Synergy Construction ကုမ္ပဏီက ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၄ ရက်နေ့မှ စတင်တာဝန်ယူ တည်ဆောက်ခဲ့ရာ ၂၀၂၁ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် ရာနှုန်းပြည့် တည်ဆောက်ပြီးစီးနေပြီဖြစ်ကြောင်း၊ နှစ်ထပ်သင်တန်းခန်းမဆောင် အဆောက်အဦတွင် အခန်းပေါင်း ၆ ခန်းပါဝင်ပြီး အလျား ၃၀ပေ၊ အနံ ၃၀ပေ၊ အမြင့် ၁၂ ပေ အကျယ်အဝန်းရှိသည့် စာသင်ခန်း ၂ ခန်း၊ အလျား ၂၀ ပေ၊ အနံ ၃၀ပေ၊ အမြင့် ၁၂ ပေ အကျယ်အဝန်းရှိသည့် စာသင်ခန်း ၄ခန်းနှင့် ရေလောင်းအိမ်သာ ၆ခန်းအပါအဝင် ရေမီးအစုံအလင် တည်ဆောက်ပြီးစီးကြောင်း၊ အဆောက်အဦတည်ဆောက်ရေး လုပ်ငန်းတာဝန်ခံ အင်ဂျင်နီယာ ဒေါ်ယမင်းသိင်္ဂီထံက  သိရသည်။

အလားတူ ပခုက္ကူမြို့နယ်၊ ကွန်းရွာကျေးရွာတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၏ အနီးကြီးကြပ်မှုဖြင့် အလျား ၇၀ပေ၊ အနံ ၆၀ပေရှိသည့် ဘက်စုံသုံးမု န်းတိုင်းဘေးဒဏ်ခံ အဆောက်အဦကိုလည်း ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလမှ စတင်တည်ဆောက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း၊  အဆိုပါအအောက်အဦ တည်ဆောက်မှုပြီးစီးခြင်းကြောင့် ပခုက္ကူမြို့နယ်၊ ကွန်းရွာကျေးရွာ အုပ်စုအတွင်းရှိ ဧရာဝတီမြစ်ကမ်းနံဘေးနှင့် ရေပေါ်ကျွန်း ကျေးရွာများဖြစ်သည့် ခြောက်ဦးသား၊ ကျွန်းပုလု၊ မြင်းကျွန်း၊ လက်ပံကျွန်းကျေးရွာတို့တွင် ဧရာဝတီ မြစ်ရေကြီးပြီး မြစ်ကမ်းပါးပြိုကျခြင်း၊ ရေဝင်ရောက်ခြင်းနှင့် အခြားသဘာဝ ဘေးအန္တရာယ်များနှင့် ကြုံတွေ့လာပါက ဘေးကင်းလုံခြုံစွာ ပြောင်းရွှေ့နေထိုင်နိုင်မည် ဖြစ်ကြောင်း ၎င်းထံက ထပ်မံသိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)