ဘားအံ နိုဝင်ဘာ ၂၃
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ ကော့စိန်ဘန်အောက်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၁၅၀(ဂ)၊ တံတားဦးကွင်းရှိ တောင်သူဦးအကွက်၏ ဧည့်မထအခြားအုပ်စု အရပ်ခေါ်(81)စပါးမျိုး (၃)ဧက၌ ယနေ့ နံနက်ပိုင်းက လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှဦးဆောင်၍ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းအခမ်း အနားကို ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။
စံကွက်ရိတ်သိမ်းပွဲတွင် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးမင်းမင်းနှင့် ဘားအံမြို့နယ်ဦးစီးမှူးဦးကျော်ကျော်တို့က စံကွက်ရိတ်သိမ်းပုံအဆင့်ဆင့်ကို ရှင်းလင်းတင်ပြခဲ့ကြပြီး တောင်သူများ နှင့်အတူ ( ၆ ဒသမ ၆ ပေ x ၆ ဒသမ ၆ ပေ) ပတ်လည် ဧရိယာအားဖြင့် (၀ ဒသမ ၀၀၁)ဧက၊ တစ်ဧက၏ တစ်ထောင်ပုံတစ်ပုံ ထောင့်ဖြတ်စံကွက် သုံးကွက်ကို ရိတ်သိမ်းခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးသိန်းကိုကို၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများက ကြည့်ရှု့အားပေးခဲ့ကြပြီး တစ်ဧကအထွက်နှုန်း ၆၄ ဒသမ ၃၀ တင်း(အစိုထွက်နှုန်း) ရရှိကြောင်း သိရသည်။
အလားတူ အမှတ်(၂၀) ဘားအံစက်မှုလယ်ယာဦးစီးဌာနမှ ကူဘိုတာရိတ်သိမ်းခြွေလှေ့စက်ဖြင့် မြေပြင်အရှိ ရိတ်သိမ်းခြွေလှေ့သရုပ်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကြည့်ရှု အားပေးခဲ့ကြပြီး ပြည်နယ်စက်မှု လယ်ယာဦးစီးမှူးက ရိတ်သိမ်းခြွေလှေ့စက်ကိုအသုံးပြုခြင်း အားဖြင့် လုပ်သားရှားပါးသည့်ပြဿနာကို ကျော်လွှားနိုင်ပြီး စပါးလေလွင့်ဆုံးရှုံးမှုနည်းပါးကာ အချိန်မီရိတ်သိမ်းခြွေလှေ့နိုင်ကြောင်း ရှင်းလင်းပြောကြားသည်။
ဘားအံမြို့နယ်တွင် မိုးစပါးဧက ၁၁၈၈၇၅ ဧကစိုက်ပျိုးရန်လျာထားခဲ့သော်လည်း လျာထားချက် ထက်ပိုမို ပြည့်မီကျော်လွန်ပြီး ၁၁၈၉၉၅ ဧကကျော်ကို စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ လွန်းညကျေးရွာရှိ လွန်းညရေပြာ အိုင်အား ကိုဗစ်အလွန်ကာလတွင် အများပြည်သူစိတ်အေးချမ်းသာစွာ အနားယူအပန်းဖြေနိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ လွန်းညကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက လွန်းည ရေပြာအိုင် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာများအား ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ ်ဝန်ကြီးချုပ်က လွန်းညရေပြာအိုင်နှင့်ပတ်ဝန်းကျင်ဒေသ သန့်ရှင်းသာယာ လှပရေး၊ လွန်းည ရေလျှံကွင်း ဂေဟစနစ်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး၊ ဈေးဆိုင်များအား စနစ်တကျ နေရာချထားပေး နိုင်ရေး၊ အများသုံးသန့်စင်ခန်းများလုံလောက်မှုရှိစေရေး လမ်းညွှန်မှာကြားခဲ့ သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နောင်လုံကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း၌ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ အေးချမ်းပျော်ရွှင်စွာ စာပေသင်ကြား သင်ယူနေမှုများကို သွားရောက် ကြည့်ရှု့အားပေးခဲ့ရာ ပြည်နယ်ပညာရေးညွှန်ကြားရေးမှူးနှင့် ကျောင်းအုပ်ဆရာမကြီးတို့က ဆရာ၊ဆရာမ ၄၃ ဦးနှင့် စာရင်းရှိကျောင်းသား၊ကျောင်းသူ ၉၀ ရာခိုင်နှုန်းကျော် တက်ရောက်ပညာသင်ကြားနေမှုအခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နောင်လုံကျေးရွာအခြေခံပညာအထက်တန်းကျောင်းအတွက် အထွေထွေ အသုံးစရိတ် ငွေကျပ်(၃)သိန်းကို ကျောင်းအုပ်ဆရာမကြီးထံ ဂုဏ်ပြုချီးမြှင့်ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ကော့သင်းရှူးကျေးရွာအုပ်စု၊ လှိုင်ကားကျေးရွာရှိ ထွန့်ပတိုင်ကန်တော်မင်္ဂလာသို့ သွားရောက်ပြီး ထွန့်ပတိုင်ချမ်းသာကြီး ကျောင်း၌ အဆိုပါကန်တော်ကို ဦးစီးတည်ထောင်သူ ကျောက်ကလပ်ဆရာတော် ဘဒ္ဒန္တဝိမလအား ဖူးမြော်ကြည်ညိုပြီး နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကာ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မ အလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ပြည်နယ်ဝန်ကြီးချုပ်သည် ထွန့်ပတိုင်ကန်တော်မင်္ဂလာအား လှည့်လည်ကြည့်ရှု့ခဲ့ပြီး အများ ပြည်သူ အေးချမ်းစွာ အနားယူလည်ပတ်နိုင်ရေး နားနေရန်နေရာများဖန်တီးပေးရန်နှင့် ထွန့်ပတိုင် အဝင်လမ်းအား ကွန်ကရစ် လမ်းအဖြစ် အဆင့်မြင့်တင်ဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြား ခဲ့သည်။
ထို့နောက် မွန်းလွဲ ၂ နာရီအချိန်တွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ပြည်နယ်အစိုးရ အဖွဲ့ဝင်ဝန်ကြီးများက လွတ်လပ်ရေးနေ့ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး ဆွေးနွေး တင်ပြကြသည်။
ယင်းနောက် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား ကျင်းပနိုင်ရေး အထောက်အကူ ပြုလုပ်ငန်း ကော်မတီများ၏ ဥက္ကဋ္ဌများနှင့်အတွင်းရေးမှူးများက မိမိတို့လုပ်ငန်းကော်မတီများ အလိုက် ဆောင်ရွက်ကြရမည့် အစီအမံများအား ရှင်းလင်းတင်ပြခဲ့ကြပြီး တက်ရောက်လာသူ များက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)