တနင်္သာရီ နိုဝင်ဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ချောင်းကြီးရပ်ကွက် ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့ နံနက်(၉)နာရီက အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး ခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ လက်ထောက်မြို့နယ်ဦးစီးမှူး ဦးတင့်နိုင်နှင့်ဝန်ထမ်းများက ချောင်းကြီးရပ်ကွက်အတွင်း နေထိုင်လျက် ရှိကြသည့် ပြည်သူများအား ပန်းခင်းစီမံချက်ပထမနေ့အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြား (၈၅)ခုနှင့် အိမ်ထောင်စုလူဦးရေစာရင်း(၉၃)စု ကိုပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းနောက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ တနင်္သာရီမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်အရ "ပန်းခင်းစီမံချက်"ဖြင့် ဆောင်ရွက်လျက်ရှိသော ဌာနလုပ်ငန်းများအား ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန် ရည်ရွယ်ချက်ဖြင့် ပြည်သူများကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးရရှိရေးအတွက် ရပ်ကွက်/ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်ပေးနေမှု၊ အိမ်ထောင်စုစာရင်းမရှိသူများ၊ နိုင်ငံသားကတ် မရှိသူများအနေဖြင့် ရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရုံးများမှ စာရင်းလာကောက်ချိန်တွင် မှန်ကန်စွာ စာရင်းပေးသွင်းခြင်းဖြင့် အချိန်တိုအတွင်း အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက် ရရှိမည်ဖြစ်ကြောင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိခြင်းဖြင့် မိမိတို့၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး အလုပ်အကိုင်ရရှိရေးအစရှိသည့် လူမှုစီးပွားဘဝမြှင့်တင်နိုင်မည်ဖြစ် ကြောင်း စသည့်အချက်များပါဝင်သည့် လက်ကမ်း စာစောင်(၂၅၀)စောင်ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သီသီခိုင်(တနင်္သာရီ)