မင်းဘူး(စကု)မြို့နယ် ထနောင်းတောကျေးရွာရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်

မင်းဘူး နိုဝင်ဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့်  အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကိုင်ဆောင် နိုင်စေရေးအတွက် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ဆောင်ရွက် ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ထနောင်းတောကျေးရွာ၌ သွားရောက် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း မြို့နယ် ဦးစီးမှူး ဦးဇော်မိုးသက်ထံမှ သိရသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်မြင့်ဦးဆောင်ပြီး မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မိုးသက်နှင့် ဝန်ထမ်းများက ထနောင်း တောကျေးရွာရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့်ပြီးသူ ကျား(၂၅)ဦး၊ မ(၄၈)ဦး၊ အသက် (၁၈)နှစ်ပြည့်ပြီးသူ ကျား(၄)ဦး၊ မ(၆)ဦး၊ မှတ်ပုံတင် လဲလှယ်သူ တစ်ဦးနှင့် မိတ္တူလျောက်ထားသူတစ်ဦး အပါအဝင် စုစုပေါင်း(၈၅)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို အခမဲ့ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

နိုင်ငံသားစိစစ်ရေး ကတ်ပြာများသည် နိုင်ငံသားတိုင်းအတွက် အလွန်အရေးပါပြီး မရှိမဖြစ်လိုအပ် သည့်အတွက် ယခုလို ကျေးရွာအရောက် ကွင်းဆင်းပြုလုပ်ပေးရခြင်းဖြစ်ကြောင်း မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)