မြဝတီမြို့၌ လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြဝတီ နိုဝင်ဘာ ၂၃

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် မြဝတီမြို့ရှိ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂၄/ ၂၀၂၁) ကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က အမှာစကားပြောကြားရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်တွင် ပါဝင်သော အခြေခံမဲဆန္ဒရှင်စာရင်း ကောက်ယူရေးနှင့် အချိန်မီပြီးစီးရေး၊ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်း၊ နေရပ်ပြန် ကြိုဆိုရေးလုပ်ငန်းများ၊ ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းများ၊ အခြားလုပ်ငန်းများနှင့် မိမိတို့ သက်ဆိုင်ရာ ဌာနလုပ်ငန်းများလည်း အောင်မြင်အောင် အားလုံးပူးပေါင်းဆောင်ရွက်ပေးစေလိုပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် အစည်းအဝေးတက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့သက်ဆိုင်ရာကဏ္ဍများ အလိုက် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား တင်ပြဆွေးနွေးကြပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး  ဦးစိုးတင့်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)