မေတ္တာ နိုဝင်ဘာ ၂၃
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် အခြေခံပညာအလယ်တန်းနှင့် အထက်တန်းကျောင်းရှိ အသက်(၁၂)နှစ်အထက်ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းဖြင့် ကျောင်းသား/ကျောင်းသူများ ပညာသင်ယူခွင့် အခွင့်အလမ်းများရရှိစေရန်၊ မိသားစုပတ်ဝန်းကျင်သို့ ရောဂါကူးစက် ပြန့်ပွားမှုကို တားဆီး ရန်ရည်ရွယ်ချက်များဖြင့် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဆေးထိုးစုရပ်(၂)နေရာဖြစ်သည့် အခြေခံပညာအထက်တန်းကျောင်း(မေတ္တာ)နှင့်အခြေခံပညာအထက်တန်းကျောင်း(ဟိန္ဒါး)တို့တွင် အောက်တိုဘာ(၁၉)ရက်နေ့က(ပထမ)အကြိမ်၊ ယမန်နေ့က (ဒုတိယ) အကြိမ်ထိုးနှံ ပေးလျက်ရှိသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ထားဝယ်မြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အသက်(၁၂)နှစ်ပြည့်ပြီးသော အလယ်တန်း၊အထက်တန်းအဆင့် ကျောင်းသား/များအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အပူချိန်တိုင်းပေးခြင်း၊ မိဘအုပ်ထိန်းသူများထံမှ သဘောတူ လက်မှတ်ရယူခြင်းနှင့် ကာကွယ်ဆေးထိုးမှတ်တမ်းစာရင်းရေးသွင်းခြင်းများ ဆောင်ရွက် ပေးရာ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီးသူ စုစုပေါင်း(၁၅၄)ဦးအား ဒုတိယအကြိမ် ကာကွယ် ဆေးထိုး နှံပြီးဖြစ် ကြောင်း တာဝန်ရှိသူများ ထံမှသိရသည်။
အဆိုပါ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်းအနီးကပ်ကြီးကြပ်မှုဖြင့် နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ နယ်မြေမီးသတ် စခန်း မှတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေး အသင်း အဖွဲ့များပူးပေါင်းအဖွဲ့ကလိုအပ်သည်များကိုကူညီဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။
နန်းခလိုက်(မေတ္တာ)