အင်းတော်မြို့နယ် အင်းတော်လေး အင်းအတွင်း ငါးမျိုးများစိုက်ထည့်

အင်းတော်  နိုဝင်ဘာ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်  အင်းတော်လေးအင်းအတွင်း ငါးမျိုးများ စိုက်ထည့်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကသာခရိုင် ငါးလုပ်ငန်းဦးစီးဌာနနှင့် အင်းတော် မြို့နယ် အင်းလုပ်သားများမှ စုပေါင်း၍ ငါးမျိုးများ စိုက်ထည့်ခဲ့ကြောင်း သိရသည်။

အင်းတော်မြို့နယ်အတွင်း  ငါးလုပ်ငန်းရေရှည်စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်စေပြီး စာနပ်ရိက္ခာ အဖြစ် ငါးရိက္ခာများဖူလုံစေရန်၊ ငါးလုပ်ငန်းကိုအခြေခံ၍ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရန်နှင့် နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ အင်းတော်လေး အင်းအတွင်း ငါးမျိုးများ စိုက်ထည့်ရခြင်းဖြစ်ကြောင်း၊ ငါးမျိုးများကို ထီးချိုင့်မြို့နယ် အင်ကြင်းကုန်း ငါးလုပ်ငန်းစခန်းမှ ငါးသားပေါက်နှစ်လက်မအရွယ် ငါးမြစ်ချင်း ကောင်ရေ ၁၁၀၀၀၀ နှင့် ငါးခုံးမကြီး ကောင်ရေ ၁၀၀၀၀၀၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၂၁၀၀၀၀ အားစိုက်ထည့်ပေးခဲ့ခြင်း ဖြစ်ကြောင်း ကသာခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးထွန်းလှအောင် က ပြောပြသည်။

အဆိုပါ အခမ်းအနားတွင် အင်းတော်မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်အောင်နှင့် အဖွဲ့ဝင်များ ကသာခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးထွန်းလှအောင်နှင့် ဝန်ထမ်းများ၊ အင်းတော်မြို့နယ် ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရေလုပ်သားကြီးများ တက်ရောက်ပြီး ငါးမျိုးများ စိုက်ထည့်ခဲ့ကြောင်း သိရသည်။

ကျော်သီဟ(ပြန်/ဆက်)