ဘုတလင်မြို့နယ်အတွင်းရှိ အများပြည်သူများ သိရှိလိုက်နာနိုင်စေရန် ဒေသန္တရအမိန့်ထုတ်ပြန် ကြေငြာလျက်ရှိ

ဘုတလင် နိုဝင်ဘာ  ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်အတွင်းရှိ နေထိုင်လျက်ရှိသော အများပြည်သူများ အနေဖြင့် မော်တော်ဆိုင်ကယ်စီးနင်းရာတွင် သိရှိလိုက်နာနိုင်စေရန်အတွက် ဆိုင်ကယ် တစ်စီးလျှင် လူတစ်ဦးသာ စီးနင်းစေရန်  ဒေသန္တရအမိန့် ထုတ်ပြန်ကြေငြာလျက်ရှိသည်။

ထိုသို့ဒေသန္တရအမိန့်များ ထုတ်ပြန်ကြေငြာရာတွင် ဘုတလင်မြို့ပေါ်ရှိ ရပ်ကွက်(၃)ရပ်ကွက်ရှိ လမ်းများ၊ ဘုတလင်မြို့နယ် ဇီးတောကျေးရွာအုပ်စုမှ အုပ်ဖိုကျေးရွာအုပ်စုအထိ မုံရွာ-ရေဦးကားလမ်း၊ ဘုတလင်မြို့မှ သခွတ္တနယ်ကျေးရွာအုပ်စုအထိ ကနီ-ကနဲကားလမ်း၊ ဘုတလင်-မောင်းထောင် ကျေးရွာအုပ်စု ကားလမ်းနှင့် ဘုတလင်-တွင်းတော်ကျေးရွာအုပ်စု ကားလမ်းများတွင် ဖြတ်သန်း သွားလာမည့် ပြည်သူများ သိရှိလိုက်နာနိုင်စေရန် အသိပေး ကြေငြာလျက်ရှိသည်။

ထိုဒေသန္တရအမိန့်များကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက တည်ဆဲဥပဒေများအရ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းနှင့် ထိုအမိန့်အား ၁၃၈၃ ခုနှစ်၊ တန်ဆောင်မုန်းလဆုတ်(၅)ရက်၊ ၂၀၂၁ခုနှစ် နိုဝင်ဘာလ (၂၃)ရက်နေ့မှစ၍ နောက်ထပ် အမိန့်တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမပြုမီအထိ အတည်ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)