မြိတ် နိုဝင်ဘာ ၂၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် စက်ရုံအလုပ်ရုံ မီးဘေးကြိုတင်ကာကွယ်ရေးနှင့် မီးလောင်မှုဖြစ်ပွားလာပါက မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို မီးသတ် သတ်ဖွဲ့နှင့် စက်ရုံသီးသန့် မီးသတ်တပ်ဖွဲ့တို့ ပူးပေါင်းပြီး မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ် ရေးလုပ်ငန်းများကို ထိရောက်လျင်မြန်စွာ ဆောင်ရွက်နိုင်ရန်အတွက် အဆောင်ကောင်း ကုမ္ပဏီ တွင် ယနေ့ နံနက်(၉)နာရီက ဇာတ်တိုက်လေ့ကျင့် ဆောင်ရွက် ခဲ့ကြသည်။
“အဓိကက စက်ရုံမှာရှိတဲ့ သီးသန့်မီးသတ်တပ်ဖွဲ့ရဲ့ကဏ္ဍ ပီပီပြင်ပြင် ဆောင်ရွက်နိုင်ရန် လေ့ကျင့်ပေး တာဖြစ်ပါတယ်။ မီးသတ်တပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်တဲ့အခါမှာ ဟန်ချက်ညီညီ ဆောင်ရွက်နိုင်စေဖို့နဲ့ မီးဘေးအန္တရာယ်ဖြစ်ပွားလာပါက မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ် ရေး လုပ်ငန်းတွေမှာ ထိရောက် လျင်မြန်စွာ ပူးပေါင်းဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီး ဇာတ်တိုက် လေ့ကျင့် ဆောင်ရွက်တာဖြစ်ပါတယ်” ဟု မြိတ်ခရိုင် မီးသတ် ဦးစီးဌာနမှူး က ပြောသည်။
ဇာတ်တိုက်လေ့ကျင့်ရာတွင် ပထမဦးစွာ စက်ရုံမှ မီးဘေးအန္တရာယ် အရေးပေါ်အချက်ပေးပြီး စက်ရုံ ဝန်ထမ်းများမှ Fire Point နေရာရှိ ဆီမီးလောင်မှုအား မီးသတ်ဆေးဗူးများဖြင့် ကနဦး မီးငြှိမ်းသတ်ခြင်း၊ စက်ရုံ သီးသန့်မီးသတ်တပ်ဖွဲ့မှ စက်ရုံရှိမီးသတ်ပိုက်များဖြင့် ငြှိမ်းသတ်ခြင်း စက်ရုံကယ်ဆယ်ရေးအဖွဲ့မှ ကယ်ဆယ် ရေးလုပ်ငန်း ဆောင်ရွက်ခြင်းကို ဇာတ်တိုက်ခဲ့ကြသည်။ ထိုနောက် မီးသတ်တပ်ဖွဲ့၏ မီးငြှိမ်းသတ်ယာဉ်များ ရောက်ရှိပြီး Fire Point နေရာရှိ အဆောက် အဦအား ဘယ်ညာနေရာယူပြီး မီးငြှိမ်းသတ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် စက်ရုံ ရေရရှိ ရေးအဖွဲ့မှ မီးငြှိမ်းသတ်ယာဉ်သို့ ရေအဆက်မပြတ်ရရှိရေး ဖြည့်ပေးခြင်းကို ဆောင်ရွက်ကြ သည်။
ဆက်လက်၍ မီးသတ်တပ်ဖွဲ့၏ လှေကားတင်မီးသတ်ယာဉ်ဖြင့် အထပ်မြင့် အဆောက်အဦ အပေါ်တွင် ရောက်ရှိပိတ်မိနေသူများအား လှေကားထောင်၍ မီးသတ်တပ်ဖွဲ့မှ တက်ရောက် ကယ်ဆယ်ဆောင်ရွက်ပြီး ကယ်ဆယ်ရေးအဖွဲ့မှ ဒဏ်ရာရရှိသူများကို လူနာသယ်ဆောင်နည်း များဖြင့် သယ်ယူ၍ ရှေးဦးပြုစုခြင်း၊ လူနာ တင်ယာဉ်ဖြင့် ဆေးရုံပို့ဆောင်ခြင်းကို ဇာတ်တိုက် လေ့ကျင့်ဆောင်ရွက်ခဲ့ကြသည်။ ဇာတ်တိုက်လေ့ကျင့်ခြင်းကို မီးသတ်ယာဉ်(၂)စီး၊ လှေကား ထောင်မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ လူနာတင်ယာဉ်(၁)စီးနှင့် အုပ်ချုပ်မှုယာဉ်တစ်စီးတို့ဖြင့် မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှူး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင် များ၊ စက်ရုံ သီးသန့်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စက်ရုံတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
ခိုင်ထူး