မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်ရေးနှင့် ကိုဗစ်ကာကွယ်ဆေး Fhase-4 လာရောက်ထိုးနှံကြရန်နှိုးဆော်

မင်းဘူး   နိုဝင်ဘာ   ၂၂

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ရှိမှု မဖြစ်ပေါ်စေရေး တို့အတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ အစီအစဉ်ဖြင့် မြို့နယ်အတွင်းမှ ပြည်သူများ သတ်မှတ်ထားသည့် ကာလတွင် စည်းကမ်းချက်များအတိုင်း  သွားလာနေထိုင်ရေး၊ ကာကွယ်ဆေး Fhase-4  လာရောက် ထိုးနှံရေးတို့ကို ယမန်နေ့ညနေ ၄ နာရီအချိန်က မြို့ပေါ်ရပ်ကွက်နှင့် အနီးအနားရှိ ကျေးရွာများသို့ အသံချဲ့စက်ယာဉ်ဖြင့် လှည့်လည် အသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

ထိုသို့အသံချဲ့စက် မော်တော်ယာဉ်များဖြင့် သတိပေးနှိုးဆော်ရာတွင် ဖြစ်နိုင်လျှင် နေအိမ် အတွင်း၌သာ နေထိုင်ကြရန်၊   နေအိမ်မှအပြင်သို့ သွားလာလျှင် ပါးစပ်၊ နှာခေါင်းစည်း Mask များတပ်ဆင်ကြရန်၊ အပြင်က ပြန်လာပြီးတိုင်း Mask များကို စနစ်တကျ အမှိုက်ပုံးထဲသို့ စွန့်ပစ်၍ လက်များကို စက္ကန့် ၂၀ ကြာအောင် စနစ်တကျ ဆေးကြောရန်၊  နှာချေချောင်းဆိုးသည့်အခါတိုင်း ပါးစပ်နှင့် နှာခေါင်းကို လုံခြုံစွာဖုံးအုပ်ပါ၊ တစ်ရှူးကို အသုံးပြုပါက အသုံးပြုပြီး တစ်ရှူးကို အဖုံးပါသော အမှိုက်ပုံးထဲသို့ စနစ်တကျ စွန့်ပစ်ပါ၊ အိပ်ရေးဝဝအိပ်ပါ၊ အဟာရပြည့်ဝအောင်စားပါ၊ မပြင်းထန်သော ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပါ၊ ကိုယ်ပူချောင်းဆိုး၍ အသက်ရှူကြပ်ခြင်း အားအင်ကုန်ခမ်းခြင်း လက္ခဏာများ ပေါ်ပေါက် လာပါက နီးစပ်ရာ ကျန်းမားရေး ဌာနများသို့ ဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူပါ၊ နိုဝင်ဘာ ၂၂ ရက်နေ့မှစ၍ မင်းဘူးမြို့ ဦးဩဘာသခန်းမနှင့် စကုမြို့ ကန်ဦးသဘာဝ တရားရိပ်သာတို့တွင် Fhase-4 ပထမအကြိမ် ကာကွယ်ဆေးများထိုးနှံခြင်ကိုလာရောက် ထိုးနှံကြရန် အသံချဲ့ စက်ယာဉ်များဖြင့်   လိုက်လံ နှိုးဆော်လျက်ရှိကြောင်း သိရသည်။

ဤသို့ အသိပေးနှိုးဆော်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်းအဖွဲ့က မင်းဘူးမြို့ပေါ်ရှိ ရပ်ကွက်များနှင့် ကျေးရွာများအရောက် အသံချဲ့စက်များဖြင့် လှည့်လည်အသိပေး ကြေညာ ခဲ့ကြောင်း သိရသည်။

ဇေယျာထက် (မင်းဘူး)