မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦစီးဌာနမှ ဝန်ထမ်းများနှင့်တွေ့ဆုံ

မကွေး နိုဝင်ဘာ ၂၂

မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦစီးဌာနမှ ဝန်ထမ်းများအား ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်က မကွေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာ (Community Centre) ခန်းမတွင် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ တွေ့ဆုံဆွေးနွေးပွဲတွင် တိုင်းဒေသကြီးပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦစီးဌာန ခရိုင်/မြို့နယ် တာဝန်ခံများမှ တစ်ဦးချင်းမိတ်ဆက်ခဲ့ပြီးနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာ ဝန်ကြီး ဦးစိုးပိုင်မြင့်က အဖွင့်အမှာစကားပြောကြားရာတွင် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ် တာဝန်ခံများနှင့် တွေ့ဆုံရသည့်အတွက် ဝမ်းသာမိပါကြောင်း၊ ပြန်/ဆက်ဝန်ထမ်း များသည် ပြည်သူလူထုအား အသိပညာဗဟုသုတများ ဖြန့်ဖြူးပေးရာဌာနဖြစ်သည့်အတွက် တာဝန်ခံများ အနေဖြင့်လည်း စာပေဗဟုသုတများ လေ့လာဖတ်ရှုရန် လိုအပ်ပါကြောင်း၊ ယနေ့ခေတ်သည် နည်းပညာခေတ်ဖြစ်သည့်အတွက် သတင်းအချက်အလက်အမှား/အမှန်အား  ပြည်သူလူထုများ ခွဲခြားသိရှိနိုင်အောင် ဆောင်ရွက်ပေးစေလိုကြောင်းနှင့် တာဝန်ခံများအနေဖြင့် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သည့်အတွက် ဝန်ထမ်းနည်းဥပဒေများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီး ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်မာလာဝင်းက တိုင်းဒေသကြီးအတွင်းရှိ ခရိုင်/မြို့နယ်ရုံးများ၏ လုပ်ငန်းဆောင်ရွက်ချက် များအား ရှင်းလင်းတင်ပြခဲ့ပြီးနောက် တွေ့ဆုံပွဲကို တက်ရောက်လာကြသည့် ခရိုင် တာဝန်ခံများမှ မိမိတို့ ခရိုင်အလိုက် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ရာ တင်ပြချက်များအပေါ် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီးက လိုအပ်သည်များအား ဖြည့်စွက်မှာကြား ခဲ့ကြောင်း သိရသည်။

ကိုစည်သူ(မကွေး)