ပခုက္ကူမြို့၌ မြန်မာ့ရိုးရာအမွေအနှစ် တစ်ခုဖြစ်သည့် သနပ်ခါးရောင်းဝယ်မှု ပုံမှန်လည်ပတ် လျက်ရှိ

ပခုက္ကူ  နိုဝင်ဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ မြန်မာ့ရိုးရာအမွေအနှစ်တစ်ခုဖြစ်သည့် သနပ်ခါး ရောင်းဝယ်မှု ပုံမှန်လည်ပတ် လျက်ရှိကြောင်း မြို့ပေါ်ရှိ ရွှေရည်ဝင်းသနပ်ခါး လက်လီ လက်ကားပွဲရုံမှ သိရသည်။

ရွှေရည်ဝင်းသနပ်ခါးပွဲရုံကို လွန်ခဲ့သည့် ၁၉၇၉ ခုနှစ်ကတည်းက တည်ထောင်ခဲ့ခြင်းဖြစ်ရာ ယခုဆိုရင် (၄၂)နှစ်ရှိပြီဖြစ်ကြောင်း၊ ပွဲရုံတွင်ပခုက္ကူ၊ ရေစကြို၊မြိုင်၊ ရှင်မတောင်၊ ပေါက်၊ ရွှေဘိုနှင့် အရာတော်ဒေသတို့တွင် စိုက်ပျိုးထွက်ရှိသည့် သနပ်ခါးများကို လက်ခံဝယ်ယူပြီး သနပ်သုံးစွဲသည့် ပြည်တွင်းဒေသများတွင် လက်လီလက်ကားစနစ်ဖြင့် ပြန်လည်ဖြန့်ဖြူးရောင်းချခြင်း ဖြစ်ကြောင်း၊ လက်ခံဝယ်ယူရာမှာလည်း သနပ်ခါးတုံးအကြီးကို အနု၊ အရင့် အမျိုးအစားအလိုက် အနည်းဆုံးငွေကျပ် ၂၀၀၀၀ မှ အများဆုံးငွေကျပ် ၅၀၀၀၀၀၊ သနပ်ခါးတုံးအလတ်ကို အနု၊ အရင့် အမျိုးအစားအလိုက် အနည်းဆုံး ငွေကျပ် ၃၀၀၀မှ အများဆုံး ငွေကျပ် ၁၀၀၀၀၊  သနပ်ခါးတုံး အသေးကို အနု၊ အရင့် အမျိုးအစားအလိုက် အနည်းဆုံး ငွေကျပ် ၅၀၀ မှ အများဆုံး ငွေကျပ် ၁၀၀၀ ဈေးနှုန်းတို့ဖြင့်  ဝယ်ယူကြောင်း၊ သနပ်ခါးပင်များကို အကြီး၊ အသေးအလိုက် ဈေးနှုန်းသတ်မှတ်ပြီး အပုံလိုက်ထားရှိကြောင်း၊ သနပ်ခါးအပင်ကြီးတစ်ပုံမှာ ငွေကျပ် ၂၅ သိန်းတန်ဖိုးရှိပြီး အပင်ပေါင်း ၁၀၀ ရှိကြောင်း၊  သနပ်ခါးအပင်ငယ်ကိုတော့ အပင်ပေါင်း ၁၀၀ နှင့် ၂၀၀ စီ သီးခြားပုံထားပြီး အပင် ၁၀၀ပါသည့် အပုံတစ်ပုံကို ငွေကျပ် တစ်သိန်း၊ အပင် ၂၀၀ပါသည့် အပုံကို ငွေကျပ် နှစ်သိန်းတို့ဖြင့် ပြန်လည်ရောင်းချကြောင်း၊ ပွဲရုံအနေဖြင့် သနပ်ခါးပြန်လည် ဖြန့်ဖြူးရောင်းချသည့် ငွေကြေးပမာဏ သိန်း(၁၀၀)တွင် တစ်သိန်းရရှိကြောင်း၊ ပွဲရုံအတွက် အလုပ်သမား ၂၀ ဦး ဌားရမ်းထားပြီး နေ့စဉ်ပုံမှန်လည်ပတ်မှု အပေါ်မူတည်၍ တစ်နေ့လျှင် သယ်ယူပို့ဆောင်ရေး ဆောင်ရွက်သည့် အလုပ်သမားတစ်ဦးကို ငွေကျပ် ၅၀၀၀ မှ ၁၅၀၀၀၊ သနပ်ခါးတုံးဖြတ် အလုပ်သမားတစ်ဦးကို ငွေကျပ် ၁၅၀၀၀ မှ ၂၀၀၀၀ အသီးသီးပေးရကြောင်း၊ အလုပ်သမားခပေးရကြောင်း၊ သနပ်ခါးအပင်ကြီး၊ သေးအလိုက်ဖြတ်ခအဖြစ် တစ်ပင်ကို ငွေကျပ် ၅၀၀ မှ ၁၅၀၀ ရရှိကြောင်း၊ ဖြတ်စက်ဖြင့်ဖြတ်ပြီးနောက် ထွက်ရှိလာသည့် ရေသောက်မြစ် တစ်အိတ်ကို ငွေကျပ် ၁၀၀၀၀၊ အမှုန့်ကြိတ် တစ်အိတ်ကို ငွေကျပ် ၅၀၀၀၊ ခေါင်းတုံးတစ်အိတ်ကို ငွေကျပ် ၁၅၀၀၀၊ ခွဲခြမ်းတစ်အိတ်ကို ငွေကျပ် ၁၈၀၀၀၊ သနပ်ခါးအမွှေး၊ အခေါက်တစ်ပိဿာကို ငွေကျပ် ၂၅၀၀ တို့ဖြင့် ပြန်လည်ရောင်းချကြောင်း၊ ကိုဗစ်ကာလတွင် သနပ်ခါးပွဲရုံမပိတ်ဘဲ နေ့စဉ်သိန်း ၂၀၀ကျော်အထိ  ပုံမှန်လည်ပတ် ဖြန့်ဖြူးရောင်းချရကြောင်း၊ မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်း အစဉ်အလာများအရ သနပ်ခါးဝယ်ယူသုံးစွဲမှုများပြားသည့်အတွက် နေ့စဉ်အမြတ်ငွေ ရရှိမှုအနေဖြင့် ကိုဗစ်ကာလမတိုင်မီကာလများတွင် သိန်း ၅၀၊ ကိုဗစ်ကာလအတွင်း သိန်း ၃၀၊ ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းဖြစ်ပွားပြီး နောက်ပိုင်း ခရီးသွားလာ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လွယ်လင့်တကူလှုရှားဆောင်ရွက်ရန် အခက်အခဲ ဖြစ်ပေါ်နေသောကြောင့် လက်ရှိတွင် နေ့စဉ်အမြတ်ငွေ ၁၀ သိန်းသာရရှိကြောင်း၊ ပွဲရုံဖွင့်ရောင်းချပေးသည့်အတွက် သနပ်ခါးလာရောက် ဝယ်ယူသူများအနေဖြင့် ခြံအရောက် သွားရောက် ဝယ်ယူရသည့် အခက်အခဲများနှင့် အကြုံတွေ့ရသည့်အပြင် ပစ္စည်းမမှားသည့် သနပ်ခါးကို ဈေးနှုန်းသက်သာစွာ ဝယ်ယူရရှိနိုင်မည်ဖြစ်ကြောင်း၊ ကိုဗစ်အလွန်ကာလတွင် ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွင့်လှစ်လာပါက လက်ရှိရောင်းချနေသည့် သနပ်ခါး ဈေးနှုန်းများထက် ဈေးကွက်ပိုမိုတိုးမြှင့်ရရှိလာနိုင်ကြောင်း ပခုက္ကူမြို့၊ အမှတ်(၁၀)ရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ မဟာဝိသုတာရာမ(အလယ်တိုက်)မြောက်ဖက်ရှိ ရွှေရည်ဝင်း သနပ်ခါး လက်လီလက်ကား ပွဲရုံပိုင်ရှင် ဦးကျော်အောင်က ပြောသည်။

ထို့အပြင် ပခုက္ကူမြို့မဈေးကြီးအတွင်း သနပ်ခါးဈေးသည်တစ်ဦးက “ကျွန်မရောင်းတဲ့သနပ်ခါးက ရှင်မတောင်ဒေသ ထွက်သနပ်ခါးတွဆိုတော့ တစ်နေ့ကို ၁၀၀၀၀ ဖိုးလောက်ရောင်းရပါတယ်။ ကိုဗစ်ကာလမတိုင်ခင်တုန်းကဆိုရင် တစ်နေ့ကို တစ်သိန်းဖိုးလောက်အထိ ရောင်းရဖူးပါတယ်။ အရင်တုန်းကဆိုရင် အခုနောက်ပို်ငး အလှကုန်ပစ္စည်းကိရိယာအဆန်းအပြား ပေါ်လာပေမယ့် မြန်မာ့သနပ်ခါးကိုတော့ ကလေး၊ လူငယ်၊ လူကြီးအစ အထူးသဖြင့် မြန်မာအမျိုးသမီးတွေက ခုံမင်နှစ်သက်စွာ လိမ်းခြယ်အသုံးပြုကြပါတယ်။ မြန်မာ့သနပ်ခါးမှာ ထူးခြားတာက သင်းပြန့်သောရနှံ့နှင့် ပြည့်စုံတဲ့အပြင် လိမ်းခြယ်ထားသူရဲ့ အသားအရေကိုလည်း စိုပြေလှပစေခြင်း၊ ချောမွတ်စေခြင်း၊ အေးမြစေခြင်း၊ စိတ်ကြည်လင် လန်းဆန်းစေခြင်း၊ နေရောင်ခြည်ဒဏ်မှ ကာကွယ်ပေးခြင်းစတဲ့ ဂုဏ်အင်္ဂါတွေရရှိစေပါတယ်၊ အဲ့ဒါကြောင့်လည်း မြန်မာ့အမျိုးသမီးအများစုက ကောက်စိုက်ချိန်၊ ရေချိုးပြီးချိန်နှင့် ဘုရားသွား၊ ကျောင်းတက်၊ အလှူမင်္ဂလာ ပွဲလမ်းသဘင်များတွင်  ခုံမင်နှစ်သက်စွာ လိမ်းခြယ်သွားကြတာ ဖြစ်ပါတယ် ဟုပြောပြသည်။

မြန်မာ့ရိုးရာ သနပ်ခါးပင်များကို မြန်မာနိုင်ငံအနှံ့အပြားတွင် တွေ့ရသော်လည်း ပူပြင်းခြောက်သွေ့သည့် မြန်မာပြည် အလယ်ပိုင်းအညာဒေသများတွင် ပို၍ဖြစ်ထွန်းကြောင်း၊ မြန်မာ့သနပ်ခါးအများစု စိုက်ပျိုးသည့် မြို့များမှာ ပခုက္ကူ၊ ရေစကြို၊ မြိုင်၊ ရှင်မတောင်၊ အရာတော်၊ ရွှေဘို၊ ဘုတလင်၊ ယင်းမာပင်၊ မုံရွာ၊ မြင်းမူ၊ ပေါက်မြို့တို့ဖြစ်ပြီး ရှေးမြန်မာဘုရင်များလက်ထက်မှစ၍ ယနေ့အထိ ထိန်းသိမ်းလာခဲ့ကြသည့် မြန်မာ့သနပ်ခါးကို မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် ရေရှည်ဆက်လက်ရပ် တည်နိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်း သိရသည်။

ဆလိုင်းကိုကီး(မဟာဝိဇ္ဇာ)