နတ်မောက် နိုဝင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်တွင် နိုဝင်ဘာလအတွင်း မိုးဆက်တိုက်ရွာသွန်းမှု ကြောင့်ဆည် အောက်ရှိတောင်သူများစိုက်ပျိုးရေးအတွက်မှီခိုအားထားရသည့် နတ်မောက် ရေလှောင်တမံတွင် မိုးရေ ဝင်ရောက်မှုများလာပြီး တမံရေပိုလွှဲမှ ယနေ့နံနက်(၆)နာရီအချိန် တိုင်းထွာချက်အရ (၀.၇)ပေခန့် ရေကျော်ကျကြောင်း အဆိုပါ နတ်မောက်ရေလှောင်တမံမှ တာဝန်ခံ ထံကသိရသည်။
နတ်မောက်မြို့နယ်ရှိ နတ်မောက်ရေလှောင်တမံသည် နိုဝင်ဘာလ(၂၀)ရက်နေ့တွင် တမံရေပြည့် အမှတ် (၆၈၃)ပေ၊ လက်ရှိရေအမှတ် ( ၆၈၃.၇ )ပေရှိ၍ (၀.၇)ပေခန့်ရေပိုလွှဲမှ ရေကျော်ကျခဲ့ပြီး ယနေ့နံနက်(၆)နာရီ တိုင်းထွာချက်အရ လက်ရှိရေအမှတ်( ၆၈၃.၇)ပေရှိပြီး (၀.၇)ပေခန့် ရေပိုလွှဲမှရေကျော်ကျကြောင်းသိရသည်။
နတ်မောက်ရေလှောင်တမံရေပိုလွဲမှ ရေကျော်ကျမှုများ လျော့နည်းလာသော်လည်း တမံ အတွင်း ရေဝင်ရောက်မှုအခြေအနေနှင့် တမံရေပိုလွှဲမှရေကျော်ကျမှု အခြေအနေများကို တမံ အောက်ဘက်ရှိ ဒေသခံပြည်သူများသိရှိ အောင်ဆောင်ရွက်ထားကြောင်း၊ မျက်မြင်စစ်ဆေးမှု အခြေအနေများအရ တမံနှင့်တမံဆက်စပ်ရေအား အဆောက်အအုံများ အားလုံး ကြံ့ခိုင် ကောင်းမွန်ကြောင်း၊ ဝန်ထမ်းများကိုလည်း ရေကင်းဂျူတီချကာ (၂၄)နာရီ ပတ်လုံးစောင့်ကြပ် ကြည့်ရှု လျက်ရှိပြီး တာဝန်ရှိသူအဆင့်ဆင့်မှလည်း အချိန်နဲ့တပြေးညီကြီးကြပ် ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ခံ ဦးထိန်လင်းထံက သိရသည်။
သင်းသင်းမြတ်