လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာတွင် စင်္ကြာဝဠာကိုးနဝင်း ဆုတောင်းပြည့်စေတီ ရွှေထီးတော်တင် ပူဇော်ပွဲ အခမ်းအနားကျင်းပ

လှိုင်းဘွဲ   နိုဝင်ဘာ  ၂၁

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကျေးရွာတွင် စင်္ကြာဝဠာကိုးနဝင်း ဆုတောင်းပြည့် စေတီ ရွှေထီးတော်တင် ပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ကြွရောက်လာသော ဆရာတော် သံဃာတော်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပြီး စင်္ကြာဝဠာ ကိုးနဝင်း ဆုတောင်းပြည့်စေတီ ရွှေထီးတော်တင် ကပ်လှူပူဇော်ခဲ့သည်။

ထို့နောက် ဆရာတော် သံဃာတော်များထံ (၈)ပါး သီလခံယူခြင်း၊ မြိုင်ကြီးငူဆရာတော်ထံ တရားတော်များ ခံယူခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး နယ်ခြား စောင့်တပ်များ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့  တပ်နယ် ( ၂)  ဒုတိယ ဗိုလ်မှူးကြီး စောကြာအင်းက စင်္ကြာဝဠာကိုးနဝင်းဆုတောင်းပြည့်စေတီ တည်ဆောက်ရေးတွင်  အလှူငွေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် အလှူရှင်များမှ လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ရေစက်ချ အမျှဝေခဲ့ကြောင်း သိရ သည်။

အဆိုပါ အခမ်းအနားတွင် ဆရာတော် သံဃာတော်များ၊ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ နယ်ခြားစောင့်တပ်များ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့တပ်ဖွဲ့ဝင်များ၊ အလှူရှင်များ၊ ပြည်သူများ တက်ရောက် ခဲ့ကြောင်း သိရှိရသည်။

စောဒိ