ပေါက် နိုဝင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် ပေါက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဒေါ်ဥမ္မာကျော်က အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ အသိပညာပေး Talk Show ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်းဆွေးနွေးပြီး စာကြည့်တိုက် လက်ထောက်-၃ ဒေါ်ခင်သန်းဆင့်က အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ ဗြိတိသျှတို့ ပြဌာန်းလိုက်သော ရန်ကုန်ယူနီဗာစီတီ အက်ဥပဒေပါအချက်များ၊ ဗြိတိသျှအစိုးရ လက်ထက်တွင် မြန်မာနိုင်ငံ၏ ပညာရေးစနစ်အား ဖိနှိပ်ချုပ်ချယ်မှုများစွာဖြင့် ရေးဆွဲပြဌာန်း လိုက်သည့် တက္ကသိုလ်ဥပဒေကို စတင်သပိတ်မှောက်တော်လှန်ခဲ့သည့် အကြောင်းများ၊ အမျိုးသား ကျောင်းများ တည်ထောင်ရသည့် အကြောင်းအရင်းများ၊ အမျိုးသားရေး စိတ်ဓာတ်နှင့် မျိုးချစ်စိတ်ရှင်သန်ထက်မြက်စေရေး လုပ်ဆောင်ရမည့် အချက်များ၊ အနာဂတ်မျိုးဆက်သစ် လူငယ်များ ဗဟုသုတရရှိစေရန်နှင့် မမေ့မလျော့စေရန်အတွက် အပြန်အလှန် မေးမြန်းဆွေးနွေး ခဲ့ကြသည်။
မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများနှင့် ကလေးငယ်များအတွက် အွန်လိုင်းမှ အသိပညာနှင့် အတတ်ပညာဗဟုသုတ တိုးပွားစေရေး အတွက် နည်းလမ်းမျိုးစုံဖြင့် တင်ဆက်ပေးခြင်း၊ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ပြည်သူတို့ သိသင့်သိထိုက်သည် များအား ကြော်ငြာဘုတ်များ ကပ်ပေးခြင်း၊ နံရံကပ်စာစောင်များ ပြသပေးခြင်းနှင့်အတူ ပညာပေး ဆော်ဩမှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးနေလျက်ရှိကြောင်း သိရသည်။
ဉာဏ်တိုး(ပြန်/ဆက်)