မင်းဘူး နိုဝင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ ရေးဘေးသင့် ကျေးရွာများဖြစ်သော မန်းကျိုးကျေးရွာအုပ်စုနှင့် နိဗ္ဗာန်ကျွန်းကျေးရွာ အုပ်စုများရှိ ကျွဲနွားတိရစ္ဆာန်များ အား ခွာနာလျှာနာ ကာကွယ်ဆေးကို ယမန်နေ့ နံနက် ၉ နာရီအချိန်မှ စတင်၍ အခမဲ့ ကွင်းဆင်း ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မန်းကျိုးအုပ်စုနှင့် နိဗ္ဗာန်းကျွန်းအုပ်စုများသည် ဧရာဝတီမြစ်ရေ ရေကြီးရေလျှံ ဖြစ်စဉ်အခါက ကျွဲ၊ နွား၊ သိုး၊ ဆိတ်စသော တိရစ္ဆာန်များကို ရေဘေးလွတ်ရာသို့ ပြောင်းရွေ့ ခဲ့ရသဖြင့် ၎င်းတိစ္ဆာန်များအား ခွာနာလျှာနာရောဂါ မကူးစက်စေရေးအတွက် ရည်ရွယ်၍ ထိုးနှံပေးခြင်းဖြစ်ပြီး မကွေးတိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဦးကိုကိုနိုင်၏ စီစဉ်ညွှန်ကြားမှုဖြင့် မင်းဘူး(စကု) မြို့နယ် မွေးမြူးရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာအောင်မြင့်နှင့် ဝန်ထမ်းများက ရေဘေးသင့် ကျေးရွာများရှိ ကျွဲနွားများအား ခွာနာလျှာနာ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်းလည်း သိရသည်။
ထိုကဲ့သို့ ထိုးနှံပေးလျက်ရှိရာတွင် ထုံးမကြီးကျေးရွာတွင် နွားအကောင်ရေ ၃၂၀ ကောင်၊ နိဗ္ဗာန်ကျွန်း ကျေးရွာတွင် နွားအကောင်ရေ ၄၂၁ ကောင် စုစုပေါင်း ၇၄၁ ကောင်ကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖွံ့ဖြိုးမှုရံပုံငွေဖြင့် ထိုးနှံပေးသွားမှာဖြစ်ကာ ယမန်နေ့က ၃၆၉ ကောင် ထိုးနှံပေးခဲ့ပြီး ကျန်ရှိသည့် နွားများကိုလည်း ဆက်လက်ထိုးနှံ ပေးသွားမှာ ဖြစ်ကြောင်း မင်းဘူး(စကု)မြို့နယ် မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာ အောင်မြင့်က ပြောသည်။
ဇေယျာထက် (မင်းဘူး)