ကော့သောင်းမြို့တွင် ပန်းခင်းစီမံချက်ဖြင့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ကော့သောင်း နိုဝင်ဘာ ၂၁

ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ် ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို  ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်မှုလုပ်ငန်း စည်းကမ်းချက်များနှင့်အညီ  စဉ်ဆက်မပြတ် ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်အတွင်း ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရသည်။

လက်ရှိကူးစက်ဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေး ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန် အကြံပြုချက်များနှင့်အညီ ကော့သောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ကော့သောင်းမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်(၁၀)ပြည့်ပြီး မိသားစုဝင်များနှင့် အသက်(၁၈)နှစ်ပြည့်ပြီးသူများ၊ အကြောင်းအကြောင်းကြောင့် နိုင်ငံသား ကတ်ပြားပျောက်ဆုံး ပျက်စီးသူများ၊  နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ရန် ကျန်ရှိသေး သူများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများအား ပန်းခင်းစီမံချက်ဖြင့် (၁၈)လကြာအချိန်ယူကာ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ ဆောင်ရွက်မှုအဖြစ် မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သည့် သီရိမြိုင် ရပ်ကွက် ပြည်သူ(၁၂၀)ဦးအား ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း လာရောက်ပြုလုပ်ကြသည့် ရပ်ကွက်ပြည်သူများအား ကော့သောင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ကော့သောင်းမြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အကြောင်း သိကောင်းစရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

ကျော်စိုး (ကော့သောင်း)