ပဲခူး နိုဝင်ဘာ ၂၁
ပဲခူးမြို့ ဗုဒ္ဓအသံဓမ္မဗိမာန်ခန်းမဆောင်တွင် ယမန်နေ့ နံနက်ပိုင်းအချိန်က ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အခမ်းအနားကျင်းပခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ကလေးသူငယ် အခွင့်အရေးများကို ကလေးသူငယ်တိုင်း ခံစားရရှိအောင် ဆောင်ရွက်ပေးပြီး ကလေးသူငယ်ကာကွယ် စောင့်ရှောက်ရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်းသည် ကလေးသူငယ်များအတွက် သာမက အနာဂတ် နိုင်ငံတော်အတွက် အကျိုးအမြတ်များစွာ ပြန်လည်ရရှိနိုင်သည့် ရင်းနှီးမြှုပ်နှံမှုဖြစ်ကြောင်း၊ ကလေးသူငယ်တို့အတွက် အကောင်းဆုံး အကျိုးစီးပွားရရှိစေရန် မိဘ၊ ဆရာ၊ ရပ်ရွာ၊ ဌာနဆိုင်ရာများ၊ ရပ်ရွာအတွင်းရှိ လူမှုရေး အသင်းအဖွဲ့များ၊ NGOများနှင့် ပူးပေါင်းဆောင်ရွက် သွားကြရန်လိုကြောင်း အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အတွင်းရေးမှူး တို့က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အကြိုလှုပ်မှု အားကစား ပြိုင်ပွဲများအဖြစ် အငယ်ဆင့် အာလူးကောက်ပြိုင်ပွဲ၊ အလတ်ဆင့် ပူဖောင်းသယ်ပြိုင်ပွဲနှင့် အကြီးဆင့် ကင်းခုန်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆာဆုရရှိကြသော ကလေးငယ် များအား ဂုဏ်ပြုဆုငွေနှင့် လက်ဆောင် ပစ္စည်းများ ပေးအပ်ကြသည်။
ယင်းနောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ပန်းခြံကုန်းပရဟိတဂေဟာမှ ကျောင်းသားလေးများက "ထာဝရမြန်မာ" သီချင်းဖြင့် လည်းကောင်း၊ ပဲခူးအမှတ်(၁)မူလတန်းကြိုကျောင်းမှ ရင်သွေးငယ်လေးများက "ရုံးတော်လွှတ်တော်" စုံတွဲသီချင်းဖြင့် လည်းကောင်း ကပြဖျော်ဖြေတင်ဆက်ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများမှ ကြည့်ရှုအားပေးပြီး ဂုဏ်ပြုဆုငွေနှင့် လက်ဆောင် ပစ္စည်းများ ပေးအပ်ကြကြောင်း သိရသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ကလေးသူငယ်များ၏ အခွင့်အရေးများကို ကာကွယ်စောင့်ရှောက် မြင့်တင်ရန်အတွက် တိုင်းဒေသကြီးအဆင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် ခရိုင်(၄)ခု၊ မြို့နယ်(၂၈)မြို့နယ်မှာလည်း ကော်မတီများ ဖွဲ့စည်းထားရှိပြီး ပုံမှန်အစည်းအဝေး ကျင်းပခြင်း၊ အသိပညာပေး ဟောပြောပွဲများ/ ဆွေးနွေးပွဲများ ကျင်းပခြင်း၊ ကလေးသူငယ်အခွင့် အရေးဆိုင်ရာ ဥပဒေကို မိတ်ဆက် ရှင်းလင်းခြင်းပွဲများအား ကျင်းပပြုလုပ် ဆောင်ရွက် ပေးလျက်ရှိ ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)