ဘားအံ နိုဝင်ဘာ ၂၁
ကရင်ပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပြည်နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီတို့ ပူးပေါင်းကျင်းပသော (၃၂)နှစ်မြောက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗင်းရှင်းအထိမ်းအမှတ် ကမ္ဘာ့ကလေးများနေ့ အခမ်းအနားကို “ကလေးတိုင်းဘဝ လှပရေး၊ ပိုမိုကောင်းမွန်သောအနာဂတ်ဖန်တီးပေး ” ဆောင်ပုဒ်ဖြင့် ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ကျင်းပရာ ကရင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးသိန်းကိုကို၊ အစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဝင်များ၊ ပြည်နယ်အတွင်း ကလေးများ၏ အကျိုးစီးပွားများကို ဆောင်ရွက်နေသော အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင် ပြည်နယ်အတွင်း ကလေးသူငယ်များ၏ မွေးရာပါအခွင့်အရေး မဆုံးရှုံးစေရန်၊ ကလေးသူငယ်များ၏ အခွင့်အရေးများကို ကလေးများအားလုံး သိရှိစေရန်နှင့် ကလေးတိုင်း လက်လှမ်းမီပြီး တန်းတူညီတူ ရရှိနိုင်စေရန်အတွက် တာဝန်ရှိသူများက အစွမ်းကုန်ကြိုးပမ်း ဆောင်ရွက်ပေးကြရန်၊ လိုအပ်သော ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များကိုလည်း သက်ဆိုင်ရာကဏ္ဍ အသီးသီးမှနေ၍ စဉ်ဆက်မပြတ် ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြရန် တိုက်တွန်း ပြောကြားသည်။
ထို့နောက် အခြေခံညာကျောင်းများမှ ကလေးငယ်များက အားကစား အကအလှများဖြင့် တင်ဆက် ကပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကမ္ဘာ့ကလေးများနေ့ အကြိုလှုပ်ရှားမှု စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများကို လည်းကောင်း၊ ကရင်ပြည်နယ် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီးခင်ဇော်က ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ဆုရရှိသော မူကြိုကလေးငယ်များအား လည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် အခမ်းအနားသို့ တက်ရောက်လာသော ကလေးသူငယ်များအား ကမ္ဘာ့ကလေးများနေ့ အထိမ်းအမှတ် အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကမ္ဘာ့ကလေးများနေ့အကြို လှုပ်ရှားမှု စာစီစာကုံးပြိုင်ပွဲ၊ မူကြိုရင်သွေးငယ်များ၏ ဆေးရောင်ခြယ်ပြိုင်ပွဲ ဆုရလက်ရာများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)