ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး ဘားအံမြို့ရှောင်လမ်း ဖောက်လုပ်နေမှုနှင့် ဆိုလာရေတင်စနစ် ဖြင့် ရေကျနောက်စိုက်စပါး ဧက (၁၀၀) စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေး

ဘားအံ နိုဝင်ဘာ ၂၀

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက ဘားအံမြို့ရှောင်လမ်း ဖောက်လုပ် နေမှုနှင့် ဆိုလာရေတင်စနစ်ဖြင့် နောင်ခရိုင်ကျေးရွာတွင် ရေကျနောက်စိုက်စပါး ဧက (၁၀၀) စိုက်ပျိုး ထားရှိမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးရဲမှူးကြီးခင်ဇော်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဘားအံမြို့နယ် လှာကဒေါင်ကျေးရွာ အုပ်စုမှ ရဲသာကျေးရွာအုပ်စုသို့ ဇွဲကပင်တောင်နှင့် ကြာအင်းတောင်ကြား မြို့ရှောင်လမ်းဖောက်လုပ် နေမှုနှင့် ရေထုတ်ပြွန်လုပ်ငန်းများ၊ အောက်ခံမြေသားလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ပြည်နယ် လမ်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးနန်းမြင့်အောင်နှင့် တာဝန်ရှိ သူများက ဘားအံမြို့ရှောင်လမ်း (၂ ဒသမ ၇၇၅ Km- ၅ ဒသမ ၁ Km) အတွင်း လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လှာကဒေါင်ဘက်ခြမ်းရှိ  မြို့ရှောင် လမ်းအဝင် နဒုက္ခသုခံလမ်းအား ၁၈ ပေအကျယ်မှ ၂၄ ပေအကျယ်သို့ အဆင့်မြှင့်တင်တိုးချဲ့ ဆောင်ရွက် ပေးရန်၊ ကျောက်တောင်မိုင်းခွဲ မြေသားတာဘောင်လုပ်ငန်းနှင့် RCC Box Culvert များ တည်ဆောက်ခြင်း လုပ်ငန်းတို့ကို သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး အားသွန်ခွန်စိုက် ကြိုးပမ်း ဆောင်ရွက်ကြရန်၊ မိုးများသည့်ဒေသဖြစ်သည့်အတွက် လမ်းရေရှည်တည်တံ့ ကောင်းမွန်ရေးနှင့် ရေစီးရေလာ ကောင်းမွန်ရေးအတွက် ရေမြောင်းများ စနစ်တကျ ထည့်သွင်း ဆောင်ရွက်ပေးရန်၊ လမ်းလုပ်ငန်း နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် မြေယာကိစ္စ ရပ်များအား ကြိုတင်ရှင်းလင်းဆောင်ရွက်ကြရန်နှင့် အဆိုပါလမ်းပိုင်းပြီးစီးပါက မိုးရာသီတွင် လမ်းဘေးဝဲယာ၌ သစ်ပင်များစိုက်ပျိုးနိုင်ရေး ပျိုးပင်များ ရှာဖွေထားရှိရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရဲသာကျေးရွာအုပ်စု၊ နောင်ခရိုင်ကျေးရွာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန (ရေအရင်းအမြစ်) မှ ဆိုလာရေတင်စနစ်ဖြင့် ရေကျနောက်စိုက်စပါး ဧက (၁၀၀) စိုက်ပျိုးထားရှိမှုအား သွားရောက် ကြည့်ရှုစစ်ဆေးရာ (ရေအရင်းအမြစ်) ပြည်နယ် ဦးစီးမှူးဦးကျော်စွာဦးနှင့် တာဝန်ရှိသူများ က ဆိုလာပန့် (၁၀) စုံဖြင့် ရေစုပ်တင်၍ တောင်သူများ စိုက်ပျိုးလုပ်ကိုင်နေမှု အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရေကျနောက်စိုက် စပါးအပြီးတွင် ဈေးကွက်အလား အလာရှိသည့် အခြားသီးနှံများ စိုက်ပျိုးလုပ်ကိုင်ကြရန်၊ တောင်သူများနှင့်ကွင်းဆင်း တွေ့ဆုံ၍ ဧက (၁၀၀) ထပ်မံ တိုးချဲ့နိုင်ရေး စည်းရုံးဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆိုလာရေတင်စနစ်ဖြင့်စိုက်ပျိုးသည့် ရေကျနောက်စိုက် ဧက (၁၀၀) စိုက်ခင်းအား လှည့်လည်ကြည့်ရှု့စစ်ဆေးခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံကာ လိုအပ်ချက်များ မေးမြန်း၍ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ နောင်ခရိုင်ကျေးရွာသည် မိုးရာသီတွင် ရေဖုံးလွမ်း သောကြောင့် တောင်သူလယ်သမားများမှာ ရေကျနောက်စိုက်စပါးကိုသာ စိုက်ပျိုးလုပ်ကိုင်ကြရပြီး  အောင်ရေရရှိရေးအတွက် တရုတ်လှမြစ် ရေတင်မှရေကို တူးမြောင်းများမှ တစ်ဆင့် ရေစုပ်စက်ငယ်များဖြင့် (၆) ကြိမ်မှ (၁၃)ကြိမ်ထိ စုပ်တင်ရသည့်အတွက် စက်သုံးဆီဖိုး ကုန်ကျမှုများရှိခဲ့ရာမှ ဆိုလာပန့် တပ်ဆင်ပေးခဲ့သည့်အတွက် စက်သုံးဆီကုန်ကျ စရိတ်သက်သာပြီး သွင်းအားစုများ ပိုမိုအသုံးပြု ထည့်သွင်းလာနိုင်ခြင်း၊ အောင်ရေလုံလောက်စွာ ရရှိသည့်အတွက် စပါး အထွက်နှုန်း တိုးတက်လာခြင်း၊ ကုန်ထုတ်လမ်းများ ပါဝင်သည့်အတွက် လယ်ယာစိုက်ပျိုးသည့် စက်ကရိယာများ ဝင်ထွက်ရန် လွယ်ကူခြင်း၊  ရေသွင်းမြောင်းများမှတစ်ဆင့် ပျိုးပင်များအား လှေဖြင့်သယ်ယူနိုင်ခြင်း၊ ရာသီဥတုအပေါ် မူတည်၍ ဒုတိယသီးနှံဖြစ်သော ဈေးကွက် အလားအလာရှိသည့်သီးနှံများ စိုက်ပျိုးလုပ်ကိုင်နိုင်ခြင်း တို့ကြောင့် တောင်သူများ၏ လူမှုအကျိုးစီးပွား ဘဝများကို များစွာ အထောက်အကူပြုလျက်ရှိကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)