ကလေး နိုဝင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ကလေးခရိုင် အဆင့်ဌာနဆိုင်ရာများတွေ့ဆုံ၍ လမ်းညွှန်မှုခံယူပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ် စုပေါင်းရုံးအစည်းဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ကလေးမြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ၊ ဦးလှစိုးနှင့် ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်းတို့မှ ကလေးခရိုင်နှင့် မြို့နယ်များ၏ ဒေသဆိုင်ရာ အချက်အလက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးများနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများမှ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံပညာ ကျောင်းများဖွင့်လှစ်နိုင်ရေး၊ ကာကွယ်ဆေးများ ထိုးနှံပေးနေမှုများ၊ ပန်းခင်းစီမံချက် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် မြို့သန့်ရှင်းသာယာရေး ဆောင်ရွက်နေမှုများကို ဆွေးနွေးတင်ပြ ကြရာ ဝန်ကြီးချုပ်မှ တင်ပြချက်များအပေါ် ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်မှ ကုတင်(၃၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ကုသလျက်ရှိသော လူနာများနှင့် ကျန်းမာရေး ဝန်ထမ်းများအား ငွေကျပ်(၅)သိန်းတန်ဖိုးရှိသော စားသောက်ကုန်ပစ္စည်းများကို ထောက်ပံ့ပေးအပ်၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ ကြောင်းသိရသည်။
မောင်ကျော်(ပြန်/ဆက်)