မင်းဘူး(စကု)မြို့နယ်၌ ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်ဖြင့် ဆောင်ရွက်သောစပါးမျိုးစေ့ ထုတ် တောင်သူများကို ထောက်ပံ့ငွေပေးအပ်

မင်းဘူး ဩဂုတ် ၂၀

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု အစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါး မျိုးစေ့ထုတ်တောင်သူများကို နိုင်ငံတော်မှ ထောက်ပံ့ငွေ ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

မင်းဘူး(စကု)မြို့နယ်အတွင်း ကျေးရွာအုပ်စု ၂၅ အုပ်စုမှ စပါးမျိုးစေ့ထုတ်တောင်သူ ၁၃၈ ဦးဖြင့် ဧက ၇၀၀ ဆောင်ရွက်လျက်ရှိပြီး မျိုးစေ့ဖိုးထောက်ပံ့ငွေအဖြစ် အရည်သွေး ကောင်းမျိုးနှင့် အထွက်ကောင်းမျိုးအတွက် ငွေကျပ် ၆၇၇၆၀၀၀ နှင့် စိုက်ပျိုးစရိတ်အဖြစ် ငွေကျပ် ၅၂၅၀၀၀၀၀ စုစုပေါင်း ထောက်ပံ့ငွေကျပ် ၅၉၂၇၆၀၀၀ တိတိကို တာဝန်ရှိသူများက မျိုးစေ့ထုတ် တောင်သူ များထံ အသီးသီးပေးအပ်ခဲ့ကြသည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် ပထမအကြိမ်အဖြစ် အရည်အသွေးကောင်းမျိုးစေ့ ဧရာမင်း မျိုးစပါးတစ်တင်းကို ငွေကျပ် ၁၀၅၀၀ နှုန်း၊ အခြားထွက်နှုန်းကောင်းမျိုးစေ့ စပါး တစ်တင်းကို ငွေကျပ် ၈၅၀၀ နှုန်းနှင့် စိုက်ပျိုးစရိတ်ထောက်ပံ့ ငွေကျပ် ၇၅၀၀၀ နှုန်းဖြင့် ပထမအကြိမ် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ ဒုတိယအကြိမ်အဖြစ် မျိုးကွဲနှုတ်ပယ်ခ ငွေကျပ် ၅၀၀၀၀ နှင့် တတိယအကြိမ်အဖြစ် မျိုးစေ့သန့်စင်ခ ငွေကျပ် ၁၅၀၀၀ ကိုလည်း ဆက်လက်ထောက်ပံ့ ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးသိန်းနိုင်ဝင်းထံမှ သိရသည်။

မောင်မောင်(မင်းဘူး)