ပွင့်ဖြူမြို့နယ် ငါးခြောက်ကျွန်းကျေးရွာရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား အခမဲ့ ကွင်းဆင်းပြုလုပ်ပေး

ပွင့်ဖြူ  နိုဝင်ဘာ ၁၉

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ယနေ့ နံနက် ၉ နာရီခွဲက ပွင့်ဖြူမြို့နယ် ငါးခြောက်ကျွန်း ကျေးရွာသို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား ဆောင်ရွက်လိုသော ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြား အခမဲ့ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဒေသခံကျေးလက်နေ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား လက်ဝယ်ကိုင်ဆောင် နိုင်ရေးအတွက် ပန်းခင်းစီမံချက်ဖြင့် အခမဲ့ကွင်းဆင်း ပြုလုပ်ပေးရာတွင် မြို့နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး က ဒေသခံပြည်သူများ လူမှုဘဝဖွံ့ဖြိုးစေရေးအတွက် ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ဆောင်ရွက်ပေးနေမှုများနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံးပျက်စီးမှု မဖြစ်အောင် ကိုင်တွယ်ထိန်းသိမ်းရန် အချက်များကို အသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြားသည်။

ထို့နောက် မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ငါးခြောက်ကျွန်းကျေးရွာရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား လာရောက် ပြုလုပ်သည့် ဒေသခံပြည်သူများကို အထောက်အထားများ စိစစ်ကာ ပန်းခင်းစီမံချက်ဖြင့် နေ့ချင်းပြီး အခမဲ့ ပြုလုပ် ဆောင်ရွက် ပေးခဲ့ကြပြီး အိမ်ထောင်စုလူဦးရေစာရင်းတွင် ကလေးမွေးတိုးစာရင်း ဖြည့်စွက်ခြင်းနှင့် သေစာရင်း ပယ်ဖျက်ခြင်း တို့ကိုလည်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြသည်။

ထို့အပြင် ငါးခြောက်ကျွန်းကျေးရွာ(အ.ထ.က)ကျောင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသည့် အသက်(၁၀)နှစ်ပြည့် ကျောင်းသား၊ ကျောင်းသူများကိုလည်း အထောက်အထားများစိစစ်၍ နိုင်ငံသားစိစစ်ရေး ကတ်ပြား ကိုင်ဆောင်ခွင့်ရရှိစေရေး သွားရောက်ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနအနေဖြင့် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြား အခမဲ့ ပြုလုပ်ပေးခြင်းကို  လူဦးရေ ၃၉၀၀ လျာထား ပြုလုပ်ပေးသွားမည်ဖြစ်ပြီး သတ်မှတ်လျာထားဦးရေ ပြည့်မီရေးအတွက် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ချိတ်ဆက်၍ စဉ်ဆက်မပြတ် ကွင်းဆင်းပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူးထံမှ သိရသည်။

ရဲဝင်းနိုင် (ညောင်ဦး)