ဖောင်းပြင်မြို့နယ်တွင် တောင်သူများ မြေထောက်ပဲကို ပိုမိုစိုက်ပျိုး

ဖောင်းပြင် နိုဝင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ ပဲအမျိုးမျိုးအနက် မြေထောက်ပဲကို ပိုမိုစိုက်ပျိုးကြကြောင်း ပိုးစာကုန်းကျေးရွာမှ တောင်သူများထံမှ သိရသည်။

အဆိုပါကျေးရွာတွင် တောင်သူအများစုသည် မြေပဲ၊ မြေထောက်ပဲ ပုဂံပဲ၊ ပဲစာဥ၊ ပဲယင်း၊ မတ်ပဲတို့ကို စိုက်ပျိုးကြရာ အထွက်နှုန်းကောင်းပြီး နှစ်စဉ်ဈေးကောင်းရရှိသည့် မြေထောက်ပဲကို ယခုနှစ်တွင် ပိုမိုကာ စိုက်ပျိုးရခြင်းဖြစ်ကြောင်း သိရသည်။

မြေထောက်ပဲက တစ်ဧကအထွက်နှုန်း တင်း၂၀နဲ့  တင်း၃၀ ဝန်းကျင်မှာပုံမှန် ထွက်ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်တွေကတော့ တစ်တင်းကို နှစ်သောင်းရှစ်ထောင်နဲ့ သုံးသောင်းအထိ ဈေးရတယ်ဆိုတော့ အခြားပဲတွေနဲ့ ယှဉ်ရင် မြေထောက်ပဲက အမြတ်ငွေပိုရတော့ ပိုပြီးစိုက်လာကြတာဖြစ်တယ်။ ဒီနှစ်မှာလည်း ဈေးကောင်း ရရှိမယ်လို့ ယူဆပါတယ် ဟု တောင်သူ ဦးသန်းဖေက ပြောပြသည်။

အဆိုပါပဲကို စိုက်ပျိုးရာတွင် ထွန်စက်ကြီးများဖြင့် ထယ်ရေးနှစ်စပ်၊ ထွန်နှစ်စပ် ထွန်ယက်ကာ အတန်းလိုက်စနစ်ဖြင့် လည်းကောင်း၊ ပက်ကြဲ၍လည်းကောင်း စိုက်ပျိုးကြကြောင်း၊ တစ်ဧကတွင် ပဲမျိုးအတင်းရေ နှစ်တင်းခွဲစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး ရက်၂၀ ဝန်းကျင်တွင် ပေါင်းသတ်ဆေးအသုံးပြုပြီး ပေါင်းများကို ရှင်းလင်းကြကြောင်း၊ တစ်ဧကစိုက်ပျိုးမှုအတွက် ကုန်ကျငွေစုစုပေါင်း နှစ်သိန်းတစ်သောင်းခန့် ကုန်ကျမှုရှိပြီး ပဲများရိတ်သိမ်းပြီးနောက် အမြတ်ငွေ လေးသိန်းမှ ခြောက်သိန်းဝန်းကျင်အထိရရှိကြ ကြောင်း၊ ပဲအမျိုးမျိုးစိုက်ပျိုးခြင်းကို ပိုးစာကုန်းကျေးရွာ၊ နောင်ရင်းကျေးရွာ၊ ကော်ကမ်းကျေးရွာ၊ မင်းယားကျေးရွာ၊ ဆည်ချောင်းကျေးရွာ၊ မန်မော်ကျေးရွာ၊ ဟဲလှော်ကျေးရွာ၊ နန်းစီးမကျေးရွာ၊ နန်းရင်းဆိပ်ကျေးရွာနှင့် နတ်စက်ကျေးရွာတို့တွင် အများအပြား စိုက်ပျိုးကြကြောင်း သိရသည်။

ကိုထွန်း(ဖောင်းပြင်)